ကာလိမြို့၌ ကွန်ပန်-ကွန်ခုံး အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ကာလိ မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ အမှတ်(၄)ရပ်ကွက် ဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမား များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကွန်ပန်-ကွန်ခုံး အလွတ်တန်းဖိတ်ခေါ် ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်က ကျင်းပသည်။
ရှေးဦးစွာ ကွင်းအတွင်း အားကစား သမားများ နေရာယူပြီးနောက် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် ကွန်ပန်-ကွန်ခုံး အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် ကာလိ(A)အသင်းနှင့် လွိုင်ဖာ(A)အသင်းတို့ ယှဉ်ပြိုင်ကြပြီး ကာလိ(A)အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိ သည်။
အဆိုပါ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု ငွေကျပ် သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်းနှင့် စတုတ္ထဆု ငွေကျပ် ငါးသိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
စည်သူ(ပြန်/ဆက်)
MWD
