၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာအသင်းက အာဖဂန်နစ္စတန်အသင်းကို အနိုင်ယူ

News Image

  • ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာအသင်းက အာဖဂန်နစ္စတန်အသင်းကို အနိုင်ယူ

ရန်ကုန်   မတ်  ၂၆

     ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ယနေ့ညနေပိုင်းတွင်   ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက နောက်ကျဂိုးများဖြင့် အာဖဂန်နစ္စတန်အသင်းကို အနိုင်ရရှိခဲ့သည်။ 

    မြန်မာအသင်း    ပွဲစကတည်းကတိုက်စစ်ဖွင့်ကာ အာဖဂန်နစ္စတန်အသင်းကို ဖိအားပေးကစားခဲ့သည့် အတွက် အာဖဂန်နစ္စတန်အသင်း ခံစစ်ဖြင့်ရင်ဆိုင်ကာ ရရှိသည့်အခွင့်အရေးမှ တစ်ဆင့် တန်ပြန် တိုက်စစ်ဖြင့် ကစားခဲ့ရသည်။ မြန်မာအသင်းကစားသမားများ ဂိုးဧရိယာအတွင် အကြိမ်ကြိမ်ထိုးဖောက် နိုင်ခဲ့ပေမယ့် အာဖဂန်နစ္စတန်အသင်းနောက်တန်းနှင့် ဂိုးသမားကီဗင်တို့ကို မကျော်နိုင်သည့်အတွက် ဂိုးမရရှိခဲ့ပေ။ ပွဲကစားချိန် ၁၀ မိနစ်တွင် မြန်မာကစားသမားများရဲ့ နားလည်မှုလွဲမှားမှုကနေ တိုက်စစ်မှူး အိုမစ်ပိုပယ်ဇေက အာဖဂန်နစ္စတန်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့သည်။

ပြိုင်ဘက်ကိုတိုက်စစ်ဆင် ဖိအားပေးကစားခဲ့သည့်မြန်မာအသင်း ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရ၍ ပွဲအလှည့်အပြောင်းဖြစ်ခဲ့ပြီး ပြိုင်ဆိုင်မှုပိုပြင်းထန်လာသည်။ ချေပဂိုးရရှိရေး မြန်မာအသင်းတိုက်စစ်အား မလျှော့ပဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အာဖဂန်နစ္စတန်အသင်း အကောင်းဆုံးဟန့်တားကာကွယ်နိုင်ခဲ့ပေ မယ့် ပွဲကစားချိန် ၄၄ မိနစ်အရောက်တွင် ဟိန်းထက်အောင်၊ ဝေလင်းအောင်တို့ရဲ့ အချိတ်အဆက်ကနေ သန်းပိုင်က ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့၍ တစ်ဖက်တစ်ဂိုးစီဖြင့် ပထမပိုင်းပြီးဆုံးသွားသည်။

ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းတိုက်စစ်ဆင်ကစားခဲ့ပေမယ့် ပွဲကစားချိန်ကြာလာသည်နှင့် တိုက်စစ်အားကျလာကာ ပြိုင်ဘက်အသင်းက တစ်ဖန်ပြန်ဖိကစားလာခဲ့သည်။ ပွဲကစားချိန် ၅၇ မိနစ်တွင် နာဝစ်ရဲ့ကန်သွင်းမှု ကောင်းခဲ့သလို ဆန်းဆက်နိုင်ရဲ့ပုတ်ထုတ်ကာကွယ်မှုကောင်းခဲ့၍လည်း မြန်မာအ သင်းဂိုးထပ်မံ မပေးခဲ့ရခြင်းဖြစ်သည်။ ပွဲကစားချိန် မိနစ် ၆၀ တွင်မူဆာဝီနှင့် ပွဲကစားချိန် ၆၈ မိနစ်တွင် ဆာဝါရီတို့ရဲ့ကန်သွင်းမှုလွဲချော်ခဲ့၍ မြန်မာအသင်းကံကောင်းခဲ့သည်။ ပွဲကစားချိန် ၇၃ မိနစ်တွင် လူစား ဝင်ကစားသမား ရဲရင့်အောင်ရဲ့ဖန်တီးပေးပို့မှုကနေ လူစားဝင်ကစားသမား ခွန်ကျော်ဇင်ဟိန်းက မြန်မာ အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့၍ ပွဲအပြီးတွင် မြန်မာအသင်းက အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုး၊တစ်ဂိုးဖြင့်အနိုင်ရရှိသွားသည်။

မြန်မာအသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင်လည်း မြန်မာအသင်း ကနှစ်ဂိုး၊တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် အာဖဂန်နစ္စတန်အသင်းက ယနေ့ပြိုင်ပွဲကဲ့သို့ ဦး ဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း သန်းပိုင်၏ချေပဂိုးနှင့် မောင်မောင်လွင်၏အနိုင်ဂိုးတို့ဖြင့် မြန်မာအ သင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

MWD