ဟော်မုရေလက်ကြားမှ ထိုင်းသင်္ဘောများဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး အောင်မြင်စွာညှိနှိုင်းနိုင်ဟုဆို
အရှေ့အလယ်ပိုင်းဒေသတွင် အပြန်အလှန်တိုက်ခိုက်မှုများနှင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ထိုင်းမှရေနံတင်သင်္ဘောများကို ဟော်မုရေလက်ကြားမှ ဘေးကင်းစွာဖြတ်သန်းနိုင်စေရေးအတွက် ဒေသတွင်းမိတ်ဖက်များနှင့် သံတမန်ရေးအရ အောင်မြင်စွာညှိနှိုင်းနိုင်ကြောင်း ထိုင်းအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မတ်လ ၁၁ ရက်တွင် ထိုင်းမှကုန်တင်သင်္ဘောတစ်စင်းဖြစ်သည့် မယူရီနာရီသည် ဟော်မုရေလက်ကြား၌ တိုက်ခိုက်ခံရကာ သင်္ဘောသားသုံးဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ သင်္ဘောများအနေဖြင့်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေခြင်းမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ရိုက်သံတမန်ရေး နည်းလမ်းဖြင့် ရှင်းလင်းပြောခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်းအစိုးရက ၎င်းတို့၏သင်္ဘောများဘေးကင်းလုံခြုံစွာ သွားလာခွင့် တောင်းဆိုလာမှုကို အီရန်တာဝန်ရှိသူများက အသိအမှတ်ပြုခဲ့ပြီး ထိုဒေသကို ဖြတ်သန်းမည့် သင်္ဘော၏ အသေးစိတ်အချက်အလက်များကို ပေးပို့ရန် ပြန်လည်အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းဖိအားများကြားတွင် စွမ်းအင်ဖူလုံရေး ပိုမိုခိုင်မာစေရန် အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။
MWD
