လေထုညစ်ညမ်းမှုကို များစွာလျှော့ချပေးနိုင်မယ့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Dash 8 ခရီးသည်တင် လေယာဉ်
နယ်သာလန်အခြေစိုက် Conscious Aerospace ကုမ္ပဏီက ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Dash 8 ခရီးသည်တင်လေယာဉ်ကို နောက်သုံးနှစ်အတွင်း စမ်းသပ်ပျံသန်းနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပါတယ်။ ဒီဟိုက်ဒရိုဂျင်အင်ဂျင်စနစ်သစ်ဟာ လက်ရှိ ဒေသတွင်းပျံသန်းနေတဲ့ လမ်းကြောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ပျံသန်းနိုင်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုကိုလည်း အများကြီး လျှော့ချပေးနိုင်မှာပါ။ နယ်သာလန်အစိုးရကလည်း ဒီစီမံကိန်းအတွက် ယူရို ၇၃ သန်းအထိ ထောက်ပံ့ပေးထားသလို KLM နဲ့Transavia လို လေကြောင်းလိုင်းကြီးတွေကလည်း တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။
ဒီလေယာဉ်ဟာ ရေမိုင် ၄၀၄ မိုင်အထိပျံသန်းနိုင်မှာဖြစ်လို့ လက်ရှိလေကြောင်းစျေးကွက်အတွက် ဖြေရှင်းချက်တစ်ခုဖြစ်လာမှာပါ။ ဒါ့အပြင် ဒီလေယာဉ်ကိုကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းကင်းလှည့်တာမျိုးလို ကာကွယ်ရေးလုပ်ငန်းတွေမှာပါ အသုံးပြုဖို့ရည်ရွယ်ထားပါတယ်။ အခုလောလောဆယ်မှာတော့ အင်ဂျင်ပိုင်းဆိုင်ရာတွေကို အသေးစိတ် စစ်ဆေးနေပြီး ပျံသန်းမှုဘေးကင်းစေဖို့ ဥရောပလေကြောင်းအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းနေတာကြောင့် ဒီနည်းပညာကို မကြာခင် လက်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။
MWD
