AI နည်းပညာအသုံးပြုမှုနှင့် ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်နှင့် Anthropic ကုမ္ပဏီတို့၏ အငြင်းပွားမှုတွင် တရားရုံးက ကုမ္ပဏီဘက်မှ အနိုင်ပေးဆုံးဖြတ်
အမေရိကန် ဖက်ဒရယ်တရားရုံးသည် Anthropic အမည်ရှိ ထိပ်တန်း AI ကုမ္ပဏီအား နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ် ထားသည့် ပင်တဂွန်စစ်ဌာနချုပ်၏ အမိန့်ကိုပယ်ဖျက်လိုက်ပြီး အစိုးရ၏ လုပ်ဆောင်ချက်မှာ ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အငြင်းပွားမှုသည် Claude အမည်ရှိ AI စနစ်ကို စစ်ဘက်ဆိုင်ရာတွင် အကန့်အသတ်မရှိ အသုံးပြုရေးနှင့်ပတ်သက်၍ စတင်ခဲ့ခြင်း ဖြစ်သည်။ ပင်တဂွန်က ၎င်းနည်းပညာကို ဥပဒေနှင့်အညီ အသုံးပြုမှုအားလုံးတွင် ခွင့်ပြုရန်တောင်းဆိုခဲ့သော်လည်း Anthropic ဘက်ကမူ ၎င်းတို့၏နည်းပညာကို ပြည်တွင်း၌ အလုံးအရင်းဖြင့် ထောက်လှမ်းခြင်း သို့မဟုတ် လူသားထိန်းချုပ်မှုမပါသော အလိုအလျောက်ပစ်ခတ်သည့် လက်နက်များ (Killer AI) တွင် အသုံးပြုမည်ကို စိုးရိမ်သဖြင့် ငြင်းဆန်ခဲ့သည်။
ယင်းသို့ ငြင်းဆန်မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် Anthropic ကို နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည့် စာရင်းသွင်းကာ ဖက်ဒရယ်အေဂျင်စီများအားလုံး ၎င်းတို့၏ နည်းပညာကို အသုံးမပြုရန် ပိတ်ပင်ခဲ့သည်။ ယင်းလုပ်ရပ်အပေါ် Anthropic က အစိုးရသည် ၎င်းတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လက်စားချေ တုံ့ပြန်ခြင်းဖြစ်သည် ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန် ခရိုင်တရားသူကြီး Rita Lin က အစိုးရ၏လုပ်ဆောင်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာပြောဆိုခွင့် (First Amendment) ကို ချိုးဖောက်ပြီး လက်စားချေခြင်းဖြစ်သည်ဟုထောက်ပြကာ အစိုးရနှင့် သဘောထားကွဲလွဲရုံဖြင့် ကုမ္ပဏီတစ်ခုကို ရန်သူအဖြစ် တံဆိပ်ကပ်ခြင်း မှာ "အိုဝဲလ်ယန်" (Orwellian) ဆန်လွန်းသော လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
(Orwellian (အိုဝဲလ်ယန်) ဆိုသည့် စကားရပ်သည် ဗြိတိသျှစာရေးဆရာ George Orwell ၏ နာမည်ကျော် "1984" ဝတ္ထုမှ အယူအဆများကို ရည်ညွှန်းခြင်းဖြစ်ပြီး "အစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းက ပြည်သူတို့၏ နေ့စဉ်ဘဝ၊ အတွေးအခေါ်နှင့် လွတ်လပ်ခွင့်များကို အလွန် အကျွံ ထိန်းချုပ်ခြယ်လှယ်သည့် အခြေအနေ" ကို ဆိုလိုခြင်းဖြစ်သည်။)
လက်ရှိတွင် ပင်တဂွန်စစ်ဌာနချုပ်သည် Anthropic အစား OpenAI ကုမ္ပဏီ နှင့် လက်တွဲလုပ်ဆောင်ရန် သဘောတူညီမှုရယူထားပြီး OpenAI ဘက် ကမူ ၎င်းတို့၏ နည်းပညာကို အသုံးပြုရာတွင် လူသား၏ ကြီးကြပ်မှု ပါဝင်မည်ဟု ကတိပြုထားသည်။
သို့သော် အစိုးရ၏ ပိတ်ပင်မှုများကြောင့် Anthropic အနေဖြင့် အနာဂတ်တွင်ရရှိမည့် ဝင်ငွေ ဒေါ်လာဘီလီယံနှင့်ချီ၍ထိခိုက်နိုင်ပြီး ဖောက်သည်များ အကြား စိုးရိမ်မှုများမြင့်တက်နေကြောင်း သိရှိရသည်။ ယခု တရားရုံး၏ ဆုံးဖြတ်ချက်သည် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်မှုကို တားဆီးလိုက်ခြင်းဖြစ်ပြီး AI နည်းပညာကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများတွင် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်လာခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
