ပြင်သစ်သမ္မတ မက်ခရွန်က နိုင်ငံများအနေဖြင့် အမေရိကန် သို့မဟုတ် တရုတ်နိုင်ငံတို့၏ လက်ဝေခံနိုင်ငံများမဖြစ်ကြရန် တိုက်တွန်းနှိုးဆော်

News Image

  • ပြင်သစ်သမ္မတ မက်ခရွန်က နိုင်ငံများအနေဖြင့် အမေရိကန် သို့မဟုတ် တရုတ်နိုင်ငံတို့၏ လက်ဝေခံနိုင်ငံများမဖြစ်ကြရန် တိုက်တွန်းနှိုးဆော်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် အီရန်နိုင်ငံအရေးနှင့် NATO အဖွဲ့အရေးတို့နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် လူသိရှင်ကြား အခြေအတင်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနေဖြင့် အမေရိကန် သို့မဟုတ် တရုတ်နိုင်ငံတို့၏ လက်ဝေခံများမဖြစ်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။

သောကြာနေ့ (ဧပြီ ၃) က ဆိုးလ်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း မက်ခရွန်က တောင်ကိုရီးယား၊ ဂျပန်၊ ဘရာဇီး၊ အိန္ဒိယ၊ သြစတြေးလျနှင့် ကနေဒါ အစရှိသည့် နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ၊ ဒီမိုကရေစီနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် ဘုံကတိကဝတ် များအပေါ် အခြေခံသည့် လွတ်လပ်သောမဟာမိတ်အဖွဲ့ (Coalition of independence) တစ်ခု ဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

"ဆယ်စုနှစ်များစွာအတွင်းမှာ ကျွန်တော်တို့ဟာ ဒီနိုင်ငံတကာစနစ်နဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ သေချာမှုအနည်းငယ်အပေါ် အခြေခံပြီး တည်ငြိမ်မှုဆိုတာကို ရရှိခဲ့ကြပါတယ်၊ အခုတော့ အဲဒါက တက်လိုက်ကျလိုက် ဖြစ်နေပါပြီ၊ ဒီလို ပရမ်းပတာဖြစ်နေတဲ့ အခြေအနေသစ်မှာ ကျွန်တော်တို့က ငြိမ်ခံနေလို့မဖြစ်ပါဘူး၊ စနစ်သစ်တစ်ခုကို တည်ဆောက်ရပါမယ်" ဟု ယွန်ဆေး တက္ကသိုလ် (Yonsei University) တွင် ပြောကြားသည့် မိန့်ခွန်း၌ မက်ခရွန်က ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်၍ ၎င်းက "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အင်အားကြီး နိုင်ငံနှစ်ခုရဲ့ လက်ဝေခံတွေ မဖြစ်စေဖို့ပါပဲ ၊ ကျွန်တော်တို့ဟာ တရုတ် နိုင်ငံရဲ့ လွှမ်းမိုးမှုအပေါ်မှာ မှီခိုမနေချင်သလို အမေရိကန်ရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေတွေအောက်မှာလည်း အလွန်အမင်း အထိခိုက်မခံ နိုင်တဲ့ အနေအထားမျိုးမှာ မရှိချင်ပါဘူး" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မက်ခရွန်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်မက်ပြုမှုကိုထောက်ခံရန် ငြင်းဆန်ခဲ့ပြီး ဥရောပအဖွဲ့ဝင်နိုင်ငံများက ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကို ရှင်းလင်းပေးရန် ၎င်း၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီးနောက် NATO အဖွဲ့အား "စက္ကူကျား" ဟု လှောင်ပြောင် ခဲ့သော ထရမ့်ကိုလည်း ပြန်လည်တုံ့ပြန်ခဲ့သည်။

"ဗုံးကြဲတာ ဒါမှမဟုတ် စစ်ရေးအရ လုပ်ဆောင်ရုံနဲ့ အခြေအနေကို ပြုပြင်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး" ဟု ပြင်သစ်ခေါင်းဆောင်က အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အတိတ်နှင့် လက်ရှိ စွက်ဖက်မှုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

The New York Times သတင်းစာ၏ ဖော်ပြချက်အရ ဟော်မုဇ် ရေလက်ကြားတွင် အီရန်အပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ခွင့်ပြုမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြင်သစ်သည် ရုရှား၊ တရုတ်တို့နှင့်အတူ ပူးပေါင်း၍ ကန့်ကွက်ခဲ့သည်။ မူလက သောကြာနေ့ (ဧပြီ ၃) တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ထိုမဲခွဲမှုကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

မက်ခရွန်သည် မကြာသေးမီနှစ်များအတွင်း ဒုံးကျည်၊ ဒရုန်းနှင့် ရေငုပ် သင်္ဘောစွမ်းရည်များကို အဓိကထား၍ ပြင်သစ်၏ ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်လကလည်း ဂျာမနီနှင့် အခြားဥရောပနိုင်ငံများကို အကာအကွယ်ပေးရန်အတွက် ပြင်သစ်၏ နျူကလီးယားထီးရိပ် (Nuclear umbrella) ကို တိုးချဲ့ ပံ့ပိုး ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂