တောင်အာဖရိက သင်္ဘောများ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်သည်ဟု အီရန် ပြောကြား

News Image

  • တောင်အာဖရိက သင်္ဘောများ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်သည်ဟု အီရန် ပြောကြား

ပင်လယ်ကွေ့ဒေသတွင် တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များမှ နိုင်ငံ၏စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန် တောင်အာဖရိကက ကြိုးပမ်းနေစဉ်အတွင်း တောင်အာဖရိက သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း အီရန်နိုင်ငံက အတည်ပြုလိုက်သည်။

ကမ္ဘာ့ရေနံတင်ပို့မှုတွင် အရေးပါဆုံးသော အချက်အခြာနေရာတစ်ခု၌ အရှေ့အလယ်ပိုင်းတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေစဉ် တောင်အာဖရိက ရှိ အီရန်သံရုံးက ထိုသို့ အသိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာ့ ရေနံထောက်ပံ့မှု အများအပြားဖြတ်သန်းရာ ထိုကျဉ်းမြောင်းသော ရေလမ်းကြောင်းသည် အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့ကြား အားပြိုင်မှုများ ပြင်းထန်လာရာ အဓိကနေရာတစ်ခုဖြစ်လာခဲ့သည်။

တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန (Dirco) က အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီး Ronald Lamola က ၎င်းတို့နိုင်ငံ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို အလေးပေး ပြောဆိုခဲ့သည်။ “လတ်တလော အရှေ့ အလယ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် သက်ရောက်မှုရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများနဲ့ အကျယ်တဝင့် တိုင်ပင်ဆွေးနွေးပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်” ဟု Lamola က ပြောကြားသည်။

၎င်းက ဆက်လက်၍ “ဒေသတွင်းမှာ အရပ်သားတွေ သေကျေပျက်စီးမှုတိုးလာနေတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ တွေ ပိုမိုဆိုးရွားလာနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်” ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂