အမေရိကန်မှ အာဖရိကနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းသည် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခံနေရ
အငြင်းပွားဖွယ်ရာ တတိယနိုင်ငံသဘောတူညီချက်အရ အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသည့် လူ ၁၂ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယူဂန်ဒါနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အရှေ့အာဖရိက ရှေ့နေများအသင်းက ပြောကြားခဲ့ပြီး အဆိုပါ လွှဲပြောင်းမှုသည် တရားမဝင်သကဲ့သို့ လူသားမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်သည်။
ယူဂန်ဒါရှေ့နေများအသင်း၏ ပြောကြားချက်အရ ပြည်နှင်ဒဏ်ပေးခံရသူများကို သီးသန့်လေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကြာသပတေးနေ့ (ဧပြီ ၂) တွင် ကမ်ပလာမြို့ အနောက်တောင်ဘက် ၄၀ ကီလိုမီတာခန့် အကွာရှိ အင်တက်ဘေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ရှေ့နေများက ယခုလုပ်ရပ်ကို ရွှေ့ပြောင်းနေထိုင်သူများအား ယူဂန်ဒါ နိုင်ငံအတွင်းသို့ အတင်းအဓမ္မစွန့်ပစ်ရန် ကြိုတင်ကြံစည်ထားသည့် အစီအစဉ်တစ်ခုဟု ဖော်ပြခဲ့ကြပြီး "သိက္ခာမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းကာ လူသားမဆန်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့ကို လူသားချင်းစာနာမှုမရှိဘဲ ရောင်းကုန်ပစ္စည်းသဖွယ် ဆက်ဆံခဲ့ခြင်း ဖြစ်သည်" ဟု ဝေဖန်ခဲ့ကြသည်။
ယခုလွှဲပြောင်းမှုသည် အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသည့် အခြား နိုင်ငံသားအချို့ကို လက်ခံရန် ယူဂန်ဒါအစိုးရနှင့် ဝါရှင်တန်တို့ ပြီးခဲ့သည့် သြဂုတ်လကချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်သည်။ ယူဂန်ဒါအစိုးရကမူ ရာဇဝတ်မှုမှတ်တမ်းရှိသူများနှင့် လူကြီးအုပ်ထိန်းသူမပါသည့် ကလေးငယ်များကို လက်ခံမည်မဟုတ်ကြောင်းနှင့် အာဖရိကနွယ်ဖွားများကိုသာ ဦးစားပေးလက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
