မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၃)ကြိမ်မြောက် SEA Leadership Meeting အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် ဧပြီ ၆
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက (၂၃) ကြိမ်မြောက် Southeast Asia Leader-ship Meeting ပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head Of Delegation Ms. Nadia KHOURY နှင့် တာဝန်ရှိသူများ၊ (၂၂)ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ လခြမ်းနီအသင်းမှ အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ (၂၄) ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အရှေ့တောင်အာရှနိုင်ငံများရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ဦးဆောင်ဦးရွက်ပြုနေသူများ တက်ရောက်ကြမည်ဖြစ်သည့် အဆိုပါအစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင်ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းလူမှု ကရုဏာလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MWD
