ပင်တဂွန်၏ အံ့ဖွယ်စစ်ရေး ကိန်းဂဏန်းများက မေးခွန်းထုတ်စရာများဖြစ်ပေါ်စေ

News Image

  • ပင်တဂွန်၏ အံ့ဖွယ်စစ်ရေး ကိန်းဂဏန်းများက မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေ

ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine တို့သည် အီရန်နှင့် ရက် ၄၀ ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပင်တဂွန်စစ်ဌာနချုပ်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အမွှမ်းတင်စကားများနှင့် များပြားလှသော ကိန်းဂဏန်းများကို ထုတ်ဖော် ပြောကြားခဲ့ကြသည်။ သို့သော် ၎င်းတို့ပြောကြားချက်အချို့တွင် အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်နိုင်မည့် နောက်ခံအချက်အလက်များ လိုအပ်နေသည်ကို သတိပြုသင့်သည်။

Stimson Center မှ အကြီးတန်းသုတေသီ Kelly Grieco က "ဒီကိန်းဂဏန်းတွေက အတော်လေး အထင်ကြီးစရာကောင်းပေမဲ့ အဲဒီကိန်းဂဏန်း တွေကနေ ထွက်ပေါ်လာတဲ့ မေးခွန်းတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်" ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဗိုလ်ချုပ်ကြီး Caine ၏ ပြောကြားချက်အရ Ballistic ဒုံးကျည်သိုလှောင်ရုံ ၄၅၀ နှင့် ဒရုန်းသိုလှောင်ရုံ ၈၀၀ တို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ "ဒီစနစ်တွေအားလုံး ပျက်စီးသွားပါပြီ" ဟု ဗိုလ်ချုပ်ကြီးက ဆိုသည်။ သို့သော် အဆိုပါ သိုလှောင်ရုံများအတွင်း ဒုံးကျည် သို့မဟုတ် ဒရုန်းအရေအတွက် မည်မျှရှိနေသည်ဆိုသည့် ခန့်မှန်းချက်ကိုမူ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ ထို့အပြင် သိုလှောင်ရုံများအတွင်းရှိ လက်နက်များကို မပျက်စီးသေးဘဲ ကျန်ရှိနေသည့် အခြားသော လျှို့ဝှက်သိုလှောင်ရုံများသို့ ပြောင်းရွှေ့ထားခြင်း ရှိ၊ မရှိကိုလည်း ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ပါ။

"စုစုပေါင်းအရေအတွက် (Denominator) ကို မသိဘဲနဲ့ အကဲဖြတ်ဖို့ ခက်ပါတယ်၊ အစကတည်းက အီရန်မှာ လက်နက်အရေအတွက် ဘယ်လောက် ရှိနေသလဲဆိုတာ သိဖို့လိုပါတယ်" ဟု Grieco က ရေးသားခဲ့သည်။ ဆက်လက်၍ သူမက "တကယ်တမ်း ပိုပြီးအသုံးဝင်မယ့်ကိန်းဂဏန်းကတော့ ပျက်စီးမသွားဘဲ ကျန်ရှိနေသေးတဲ့ ဒုံးကျည်နဲ့ ဒရုန်းအရေအတွက်ပဲ ဖြစ်ပါတယ်၊ ကျွန်မသာ မကြားလိုက်တာ မဟုတ်ရင် အဲဒီအချက်ကို သူတို့ (ပင်တဂွန်) က လုံးဝထုတ်မပြောသွားတာပါပဲ" ဟု ဆိုသည်။

လတ်တလော အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက်များကို သိရှိထားသူ သတင်းရင်းမြစ် သုံးဦး၏အဆိုအရ အီရန်၏ ဒုံးကျည်ပစ်လွှတ်စင် ထက်ဝက်ခန့်မှာ အကောင်းအတိုင်း ကျန်ရှိနေသေးပြီး အသေခံတိုက်ခိုက်ရေးဒရုန်း ထောင်ပေါင်းများစွာမှာလည်း လက်နက်တိုက်အတွင်း ကျန်ရှိ နေသေးကြောင်း CNN က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီး Caine က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အသေးစားတိုက်ခိုက်ရေးစက်လှေများ၏ ၅၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင် ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ စစ်ပွဲမတိုင်မီ ခန့်မှန်းချက်များအရ အဆိုပါစက်လှေငယ်အရေအတွက်မှာ ရာဂဏန်းအများအပြားမှ ထောင် ဂဏန်းအထိ ရှိနိုင်ကြောင်း သိရှိရသည်။

စက်လှေငယ်လေးများသည် ပြင်းအားကောင်းသော ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်နိုင်စွမ်းရှိသည် (၂၀၀၀ ပြည့်နှစ်က ယီမင် ဆိပ်ကမ်း တွင် အမေရိကန် ဖျက်သင်္ဘော USS Cole ကို တိုက်ခိုက်ခဲ့စဉ်က အမေရိကန်သင်္ဘောသား ၁၇ ဦး သေဆုံးခဲ့ဖူးသည်) ။ ထို့အပြင် ဟော်မုဇ် ရေလက်ကြားကဲ့သို့သော အချက်အချာကျသည့်နေရာများတွင် ယင်းစက်လှေငယ်များမှာ အလွန်အန္တရာယ်များလှသည်။

ထို့ကြောင့် ဝန်ကြီး Hegseth က ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တွင် "ပြတ်သားသော စစ်ရေးအောင်မြင်မှု" ရရှိခဲ့ပြီဟု ကြေညာခဲ့သော်လည်း အီရန်တွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်သည့် လက်နက်များကျန်ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ပြောသကဲ့သို့ပင် "ပစ်ခတ်နိုင်စွမ်းရှိနေဆဲ" ပင် ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး