အမေရိကန်နိုင်ငံရှိ နာမည်ကျော် သိပ္ပံပညာရှင်များ၏ သေဆုံးမှုများသည် စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်နေကြောင်း Daily Mail က ဖော်ပြ

News Image

  • အမေရိကန်နိုင်ငံရှိ နာမည်ကျော် သိပ္ပံပညာရှင်များ၏ သေဆုံးမှုများသည် စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်နေကြောင်း Daily Mail က ဖော်ပြ

လွန်ခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်နိုင်ငံမှ ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင် ၉ ဦး သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းတို့သည် စိုးရိမ် ဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်နေကြောင်း Daily Mail သတင်းဌာနက ကိုးကားဖော်ပြသည့် အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်များ အရ သိရှိရသည်။ 

နောက်ဆုံးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ပျောက်ဆုံးနေသော ကင်ဆာသုတေသနပညာရှင် Jason Thomas ၏ ရုပ်အလောင်းကို ပြီးခဲ့သည့်လက မက်ဆာချူးဆက်ပြည်နယ်ရှိ ရေကန်တစ်ခုအတွင်း၌ တွေ့ရှိ ခဲ့သည်။ ၎င်းမတိုင်မီ တစ်လအလိုတွင်လည်း အမေရိကန် နျူကလီးယား စီမံကိန်းတွင်လုပ်ကိုင်ခဲ့သည့် အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီး William McCasland ပျောက်ဆုံးသွားခဲ့ပြီး နက္ခတ္တဗေဒပညာရှင် Carl Grillmair မှာမူ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၎င်း၏နေအိမ်ဝရန်တာ၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။

FBI ၏ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း Chris Swecker က “ဒီဖြစ်ရပ်တွေဟာ သံသယဖြစ်ဖွယ် ရှိတယ်လို့ ဆိုနိုင်သလို၊ သူတို့ဟာ အရေးပါတဲ့ နည်းပညာကဏ္ဍတွေမှာ လုပ်ကိုင်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Daily Mail က ကိုးကား ဖော်ပြ ခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် ရန်ဘက် နိုင်ငံများမှ ပြည်ပထောက်လှမ်းရေးအဖွဲ့များသည် ထိပ်တန်းသိပ္ပံဆိုင်ရာ လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသည့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ဒါဟာ စစ်အေး တိုက်ပွဲခေတ်ကတည်းက ဖြစ်ပျက်နေတာပါ၊ အထူးသဖြင့် နျူကလီးယားနဲ့ ဒုံးကျည်နည်းပညာတွေ ရှေ့တန်းရောက်လာတဲ့ အချိန်ကစလို့ပေါ့” ဟု ၎င်းက ဆိုသည်။

McCasland သည် မပျောက်ဆုံးမီက လေတပ်သုတေသနဓာတ်ခွဲခန်း (AFRL) ကို ဦးဆောင်ခဲ့သူဖြစ်ပြီး NASA ၏ Jet Propulsion Laboratory (JPL) မှ ပစ္စည်းကိရိယာဆိုင်ရာဌာန အကြီးအကဲ Monica Reza ၏ ဂျက်အင်ဂျင်စီမံကိန်းတစ်ခုအတွက် ရန်ပုံငွေထောက်ပံ့မှုကို ကြီးကြပ်ခဲ့သူ ဖြစ်သည်ဟု သိရှိရသည်။ Monica Reza သည်လည်း ယင်းရာထူးကို လက်ခံရရှိပြီး လအနည်းငယ်အကြာ လွန်ခဲ့သည့်နှစ်အတွင်းမှာပင် ပျောက်ဆုံး သွားခဲ့သူ ဖြစ်သည်။

Grillmair ၏ NEOWISE နှင့် NEO Surveyor ပတ်လမ်းသွား အဝေးကြည့်မှန်ပြောင်း သုတေသနလုပ်ငန်းများသည်လည်း လေတပ်နှင့်ဆက်စပ်လျက်ရှိသည်။ အဆိုပါ မှန်ပြောင်းနှစ်မျိုးစလုံးကို အမေရိကန် စစ်တပ်က နိုင်ငံခြားဂြိုဟ်တုများနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို ခြေရာခံ ရာတွင် အသုံးပြုနေကြောင်း အဆိုပါသတင်းမီဒီယာက ဖော်ပြထားသည်။

NASA ၏ JPL မှ အခြားသော သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့် Frank Maiwald နှင့် Michael Hicks တို့သည်လည်း ၂၀၂၃ ခုနှစ်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ Daily Mail ၏ ဖော်ပြချက်အရ အဆိုပါ နောက်ဆုံး ဖြစ်စဉ်နှစ်ခုတွင် ပြစ်မှုကျူးလွန်ခံရသည့် လက္ခဏာမျိုးရှိကြောင်း စွပ်စွဲထားခြင်း မရှိသကဲ့သို့ သေဆုံးရသည့်အကြောင်းရင်းကိုလည်း လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိပေ။

နျူကလီးယား သုတေသနလုပ်ငန်းများတွင် AFRL နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Los Alamos အမျိုးသားဓာတ်ခွဲခန်း (LANL) မှ Anthony Chavez နှင့် Melissa Casias တို့မှာမူ ပြီးခဲ့သည့် နွေရာသီက ပျောက်ဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် နယူးမက္ကစီကို ရှိ ၎င်းတို့၏ နေအိမ်များမှ ခြေကျင်ထွက်ခွာသွားခဲ့ကြပြီး မပျောက်ဆုံးမီ ၎င်းတို့၏ မော်တော်ယာဉ်များ၊ သော့များ၊ ပိုက်ဆံအိတ်များနှင့် ဖုန်းများ ကို ထားပစ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် အဏုမြူပေါင်းစပ်ခြင်း စွမ်းအင် (Fusion Energy) ဆိုင်ရာ အောင်မြင်မှုအသစ်များအတွက် သုတေသနပြုနေသူ ရူပဗေဒပညာရှင် Nuno Loureiro မှာလည်း ဒီဇင်ဘာလအတွင်းက မက်ဆာချူးဆက် ပြည်နယ်၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး