အမေရိကန်-အီရန် နှစ်ပတ်ကြာ အပစ်ရပ်ထားစဉ်အတွင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ရေး သင်္ဘောလုပ်ငန်းရှင်များ စောင့်ကြည့်နေကြ

News Image

  • အမေရိကန်-အီရန် နှစ်ပတ်ကြာ အပစ်ရပ်ထားစဉ်အတွင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ရေး သင်္ဘောလုပ်ငန်းရှင် များ စောင့်ကြည့်နေကြ

အမေရိကန်နှင့် အီရန်တို့အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အလွန်အရေးပါသော ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောများမည်သို့ဘေးကင်းစွာ ဖြတ်သန်းနိုင်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုရရှိရန် သင်္ဘောလုပ်ငန်းကဏ္ဍက ကြိုးပမ်းနေကြသည်။

Mandarin Shipping ၏ ဥက္ကဋ္ဌ Tim Huxley က အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက် "အခြေအနေကိုပြောဖို့ စောလွန်းပါသေးတယ်၊ တချို့သင်္ဘောတွေကတော့ အခုဒီဒေသကနေ ထွက်ခွာကြမှာသေချာပေမဲ့ အခြေအနေက တင်းမာနေဆဲပါပဲ" ဟု ပြောကြားခဲ့သည်။ ဟောင်ကောင် သင်္ဘောလိုင်းများအသင်း (Hong Kong Liner Shipping Association) ၏ ဥက္ကဋ္ဌ Roberto Giannetta ကလည်း လုံခြုံရေးဆိုင်ရာ တိကျသေချာမှုမရှိသေးခြင်းကြောင့် ရေလက်ကြားကို ဖြတ်သန်းရန် သတိထားနေသည်။

၎င်းက "ကျွန်တော်သာ ပါရှန်ပင်လယ်ကွေ့ထဲမှာပိတ်မိနေတဲ့ သင်္ဘောပိုင်ရှင် ဒါမှမဟုတ် လုပ်ငန်းလုပ်ကိုင်သူဆိုရင် အခုစီစဉ်ထားတဲ့ အပစ် ရပ်စဲရေးအပေါ် အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုသိရဖို့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ဦးမှာပါ၊ အပစ်ရပ်စဲရေးက ခိုင်မာတယ်လို့ ယူဆရရင်တော့ ဒုတိယမြောက် သီတင်းပတ်ထဲမှာ ကျွန်တော့်သင်္ဘောတွေကို အပြင်ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်၊ ဒါမှမဟုတ် တခြားသင်္ဘောတွေနဲ့ အစုအဖွဲ့လိုက်ဖြစ်ဖြစ်၊ အစောင့်အရှောက်နဲ့ဖြစ်ဖြစ် အတူတူထွက်ဖို့ ကြိုးစားမှာပါ" ဟု ဆိုသည်။

သင်္ဘောကဏ္ဍအတွက် အာမခံကြေးများမှာ မြင့်မားနေဆဲဖြစ်သည်။ အာမခံလုပ်ငန်းရှင်များက အဆိုပါအပစ်ရပ်စဲရေးကို ယေဘုယျအားဖြင့် အလားအလာကောင်းတစ်ခုဟု ရှုမြင်ကြသော်လည်း စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် မည်သည့်အီရန်အာဏာပိုင်အဖွဲ့က ဖြတ်သန်းခွင့်ပြုရန် တာဝန်ရှိသည်ဆိုခြင်းနှင့် အချိန်တိုအတွင်း မည်သည့် သင်္ဘောများက ဦးစွာဖြတ်သန်းခွင့်ရမည်ဆိုသည့်အချက်များမှာ ရှင်းလင်းမှု မရှိသေးပေ။

ကမ္ဘာ့သင်္ဘောအုပ်စုအများစုအတွက် တာဝန်ယူမှုအာမခံ (Liability Insurance) ပေးနေသော NorthStandard မှ Simon Kaye က "ဒါဟာ အခြေအနေ ကို စောင့်ကြည့်ရမယ့် အနေအထားပါ၊ အကုန်လုံးက တစ်ပြိုင်နက်တည်း အပြေးအလွှားထွက်လို့မရပါဘူး၊ သင်္ဘောတစ်စီးချင်းစီက ရေလက်ကြား ကို ဖြတ်သန်းဖို့ အထူးခွင့်ပြုချက်ရယူဖို့လိုပါတယ်၊ ဒါကြောင့် ပင်လယ်ကွေ့နိုင်ငံတွေ၊ အမေရိကန်သင်္ဘောတွေ ဒါမှမဟုတ် တီဟီရန်နဲ့ သီးသန့်ချိတ်ဆက်ထားသူတွေကို ဦးစားပေးမှာလားဆိုတဲ့ မေးခွန်းရှိ နေပါတယ်" ဟု ပြောကြားခဲ့သည်။ "ပြီးတော့ သီတင်းနှစ်ပတ်တာ ကာလအတွင်း သင်္ဘောတွေအကုန်လုံး ထွက်ခွာနိုင်ဖို့ဆိုတာ တကယ်ပဲ ခက်ခဲပါလိမ့်မယ်" ဟု Kaye က ဆိုသည်။

Lloyd’s List ၏ အချက်အလက်များအရ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တွင် သင်္ဘော ၃ စီးသာ ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ကြောင်း သိရှိရသည်။ Marine Traffic မှ ဒေတာများအရ ရေနံတင်သင်္ဘော ၄၂၆ စီး၊ LPG တင်သင်္ဘော ၃၄ စီးနှင့် LNG တင်သင်္ဘော ၁၉ စီး အပါအဝင် သင်္ဘောရာပေါင်းများစွာသည် ထိုဒေသအတွင်း ပိတ်မိနေဆဲဖြစ်သည်။

Giannetta က အပစ်ရပ်စဲရေးသဘောတူညီချက်နှင့်ပတ်သက်၍ "ဒါဟာ သင်္ဘောတွေကို ပါရှန်ပင်လယ်ကွေ့ထဲကနေ အပြင်ထုတ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်တယ်လို့ မြင်ပါတယ်၊ ဒါပေမဲ့ သင်္ဘောလိုင်းတွေက အထဲကိုပြန်ဝင်ဖို့ တန်းစီစောင့်ဆိုင်းနေကြလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: WIRED

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး