ဖမ်းဝရမ်း ၆၀ ကျော်ဖြင့် သေချင်ယောင်ဆောင်ထွက်ပြေးနေသည့် ဘတ် ၁ သန်း ဆုငွေထုတ်ခံထားရသူ ထိုင်းမူးယစ်ရာဇာကို တောင်ကိုရီးယားတွင် ဖမ်းမိပြီး ထိုင်းသို့ပြန်လည်လွှဲပြောင်း

News Image

  • ဖမ်းဝရမ်း ၆၀ ကျော်ဖြင့် သေချင်ယောင်ဆောင်ထွက်ပြေးနေသည့် ဘတ် ၁ သန်း ဆုငွေထုတ်ခံထားရသူ ထိုင်းမူးယစ်ရာဇာကို တောင်ကိုရီးယားတွင် ဖမ်းမိပြီး ထိုင်းသို့ပြန်လည်လွှဲပြောင်း

ဘတ် ၁ သန်း ဆုငွေထုတ်ခံထားရပြီး ဖမ်းဝရမ်းပေါင်း ၆၀ ကျော်ဖြင့် သေချင်ယောင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်း မူးယစ် ရာဇာတစ်ဦးကို တောင်ကိုရီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီးနောက် အင်္ဂါနေ့ (ဧပြီ ၇) တွင် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အသက် ၄၃ နှစ်အရွယ် Thapanan (ခေါ်) Noo Chen ဟု အမည်ရှိ အဆိုပါ သံသယရှိသူသည် တောင်ကိုရီးယားနိုင်ငံမှတစ်ဆင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ၎င်းအား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရုံး၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲသို့ တာဝန်ရှိသူများက ခေါ်ဆောင်လာခဲ့သည်။

ONCB ၏ ထုတ်ပြန်ချက်အရ Thapanan သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အတွင်း စမွတ်ပရာကန်ပြည်နယ်၊ သီရိနဂရိန္ဒြာလမ်းတစ်လျှောက် တွင် မူးယစ်ဆေးစွဲသူဘဝမှသည် လက်လီဖြန့်ဖြူးသူအဖြစ် စတင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် ၎င်းသည် အိမ်နီးချင်းနိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရရှိခဲ့ပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသောနေရာတွင် မူးယစ်ဆေးဝါးချက်လုပ်သည့် စက်ရုံတစ်ရုံကို တည်ဆောက်ခဲ့သည်။

၎င်း၏ကွန်ရက်သည် ဆယ်စုနှစ်တစ်ခုအတွင်း စိတ်ကြွဆေးပြား သန်းပေါင်းများစွာနှင့် အိုက်စ် (Crystal Meth) ၁ တန်ကျော်ကို ထိုင်းနိုင်ငံ အတွင်းသို့ မှောင်ခိုသွင်းခဲ့သဖြင့် ၎င်းကိုဖမ်းဆီးရန် ဖမ်းဝရမ်းပေါင်း ၆၀ ကျော် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းကို ၂၀၀၉ ခုနှစ်တွင် စိတ်ကြွ ဆေးပြား ၂၆,၀၀၀ နှင့်အတူ စမွတ်ပရာကန်တွင် ဖမ်းဆီးရမိခဲ့ဖူးသော်လည်း အယူခံဝင်နေစဉ်အတွင်း အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် Thapanan သည် မြဝတီမြို့ရှိ သောင်ရင်း မြစ်အတွင်းသို့ အလောင်းစွန့်ပစ်ခံရကာ "အသတ်ခံလိုက်ရပြီ" ဟု သတင်း များ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ၎င်းသည် အသက်ရှင်လျက်ရှိနေသေးကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ဖော်ထုတ်နိုင်ခဲ့သည်။

၎င်းသည် လာအို၊ ဗီယက်နမ်၊ ဂျပန်နှင့် နောက်ဆုံးတွင် တောင်ကိုရီးယား နိုင်ငံတို့၌ ပုန်းအောင်းနေခဲ့ပြီး တနင်္လာနေ့ (ဧပြီ ၆) တွင် တောင်ကိုရီးယား ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ Thapanan ၏ ဂိုဏ်းသည် ထိုင်းနိုင်ငံ အတွင်းသို့ နှစ်စဉ်မှောင်ခိုဝင်ရောက်နေသည့် မူးယစ်ဆေးဝါးစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ နောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်ကြောင်း ONCB က ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး