အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်
အီရန်၏လက်ဝေခံ လက်နက်ကိုင်အဖွဲ့ဖြစ်သော လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြာသပတေးနေ့ (ဧပြီ ၉) အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းသည် အပစ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးနောက်ပိုင်း ၎င်းတို့၏ ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ထုတ်ပြန်ချက်အရ အစ္စရေး စစ်တပ်သည် ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က လက်ဘနွန်နိုင်ငံအတွင်းရှိ နေရာပေါင်း ၁၀၀ ကျော်ကို ၁၀ မိနစ်အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ယင်းသည် စစ်ပွဲစတင်ကတည်းက အကြီးမားဆုံး အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်သည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၁၈၂ ဦး သေဆုံးပြီး ၉၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်၏ အစိုးရအဖွဲ့နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ကမူ အမေရိကန်နှင့် အီရန်တို့ကြားရရှိထားသော အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့အား တိုက်ခိုက်သည့် စစ်ဆင်ရေးများမပါဝင်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အစ္စရေးက လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ အရေးပါသော ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများကို ရပ်တန့်လိုက်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အခိုင်အမာ ပြောဆိုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
