ရုရှားက စက်ရုပ်လက်တံတပ်ဆင်ထားသည့် စိန်ပြောင်းပစ် ဒရုန်းအသစ်ကို စမ်းသပ်

News Image

  • ရုရှားက စက်ရုပ်လက်တံတပ်ဆင်ထားသည့် စိန်ပြောင်းပစ် ဒရုန်း အသစ်ကို စမ်းသပ်

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းများအရ ရုရှား ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူများသည် စက်ရုပ်လက်တံ (Mechanical Arm) တပ်ဆင်ထားပြီး စိန်ပြောင်းကျည်များကို ကိုယ်တိုင် ဖြည့်သွင်း ပစ်ခတ်နိုင်သည့် ဘီးတပ် (Tracked) စက်ရုပ်ဒရုန်းတစ်မျိုးကို စမ်းသပ်လျက်ရှိသည်။ အဆိုပါစမ်းသပ်မှုကို နှင်းများဖုံးလွှမ်းနေသည့် လေ့ကျင့်ရေးကွင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းသည် ၎င်း၏ ကိုယ်ထည်ပေါ်တွင်ပါရှိသော ခဲယမ်းသိုလှောင်ရာမှ စိန်ပြောင်းကျည်များကို စက်ရုပ် လက်တံဖြင့်ကောက်ယူကာ ပြောင်းအတွင်းသို့ စနစ်တကျ ထည့်သွင်းနိုင်သည်။

Bagulnik-82 ဟု အမည်ပေးထားသည့် ထိုစနစ်သည် ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Kurier လျှပ်စစ်စွမ်းအင်သုံး အသေးစားယာဉ် ကိုယ်ထည်ကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတွင် ဆိုဗီယက်ခေတ်သုံး ၈၂ မီလီမီတာ 2B14 Podnos စိန်ပြောင်းကို အသုံးပြု ထားပြီး၊ စက်ရုပ်လက်တံသည် ကျည်တစ်တောင့်ဖြည့်သွင်းရန် ငါးစက္ကန့်ခန့် ကြာမြင့်သည်။ အဆိုပါပစ်ခတ်နှုန်းသည် လေ့ကျင့်ထားသော လူသားစစ်သည်များထက် နှေးကွေးသော်လည်း၊ စစ်သည်များ၏ အသက်အန္တရာယ်ကို မထိခိုက်စေဘဲ ဘေးအန္တရာယ်ရှိသော ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်နိုင်ခြင်းက အဓိကအားသာချက်ဖြစ်သည်။

သို့သော် အဆိုပါဒရုန်း၏ စိန်ပြောင်း ပစ်ခတ်နိုင်မှု အကွာအဝေးမှာ ၄ ကီလိုမီတာအောက်သာရှိသောကြောင့် ရန်သူ့ဘက်မှ FPV Kamikaze ဒရုန်းများ၏ ခြိမ်းခြောက်မှုဒဏ်ကို ခံရနိုင်ခြေရှိခြင်းမှာ အဓိက အားနည်းချက်တစ်ခု ဖြစ်နေသည်။ လက်ရှိတွင် ထိုစက်ရုပ်အမျိုးအစားများအနက် စက်သေနတ်တပ်ဆင်ထားသည့် ဗားရှင်းကို ယူကရိန်း စစ်ပွဲတွင် စတင်အသုံးပြုနေပြီဖြစ်ပြီး အခြားဗားရှင်းတစ်ခုအဖြစ် မီးလောင်ဗုံးပစ်လောင်ချာ တပ်ဆင်ထားသည့် အမျိုးအစားကိုလည်း ထုတ်လုပ်ထားကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး