အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ၎င်း၏အကြံပေးများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ ထပ်မံတိုက်ခိုက်မှုများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ရုတ်တရက် အံ့အားသင့်တုန်လှုပ်သွားခဲ့ကြကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်၍နီးစပ်သူ သတင်းရင်းမြစ်များကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၁၇) တွင် ထရမ့်၏ အစိုးရအဖွဲ့မှ ကြားဝင်စေ့စပ်ပေးခဲ့သော အစ္စရေးနှင့် လက်ဘနွန်အစိုးရကြား (၁၀) ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ရောက်လာချိန်တွင် အမေရိကန်အနေဖြင့် လက်ဘနွန်အတွင်း တိုက်ခိုက်မှုများကို တားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ Axios ၏ ဖော်ပြချက်အရ နေတန်ယာဟုသည် ထိုထုတ်ပြန်ချက်ကြောင့် စိုးရိမ်ထိတ်လန့်သွားခဲ့ပြီးနောက် အစ္စရေးတာဝန်ရှိသူများသည် ဝါရှင်တန် ထံမှ ရှင်းလင်းချက်တောင်းခံရန် ကြိုးပမ်းခဲ့ကြသည်။အဆိုပါ သဘောတူညီချက်အရ အစ္စရေးသည် ထိုးစစ်ဆင်မှုများကို ရပ်တန့်မည်ဖြစ်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် ကိုယ်ပိုင်ကာကွယ်ခွင့်အရ လိုအပ်သောအစီအမံများအားလုံးကို အချိန်မရွေးလုပ်ဆောင်ပိုင်ခွင့်ရှိမည်ဟု သိရှိရသည်။ဆွေးနွေးပွဲများကို သပိတ်မှောက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာ ကမူ အစ္စရေးအနေဖြင့် လက်ဘနွန်တောင်ပိုင်းရှိ တပ်ဖွဲ့ဝင်လှုပ်ရှားမှု အားလုံးကို ရပ်တန့်ရမည်ဖြစ်ပြီး လွန်ခဲ့သော တစ်လကျော်က တိုက်ပွဲများ မဖြစ်ပွားမီရှိခဲ့သည့် အနေအထားများသို့ ပြန်လည်ဆုတ်ခွာရမည်ဟု ပြောကြားခဲ့သည်။အီရန်ကို ထောက်ခံသည့်အနေဖြင့် ဟစ်ဇဘိုလာတို့က အစ္စရေး နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မတ်လအစောပိုင်းတွင် အစ္စရေးက ဘေရွတ်မြို့နှင့်အခြားမြို့များကို လေကြောင်းမှ စတင် တိုက်ခိုက်ခဲ့ကာ လက်ဘနွန်တောင်ပိုင်းရှိ ၎င်းတို့၏ ‘လုံခြုံရေးဇုန်’ ကို တိုးချဲ့ ခဲ့သည်။ ထိုအချိန်မှစ၍ အီရန်အစိုးရက လက်ဘနွန်ရှိ အစ္စရေး၏ စစ်ဆင်ရေးများ အဆုံးသတ်ရေးကို အမေရိကန်၊ အစ္စရေးတို့နှင့် ပြုလုပ်မည့် ၎င်းတို့၏ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ကနဦး အခြေအနေတစ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့သည်။လက်ဘနွန်တာဝန်ရှိသူများ၏ အဆိုအရ မတ်လအစောပိုင်းမှစတင်ကာ လက်ဘနွန် နိုင်ငံအတွင်း လူပေါင်း ၂,၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၁.၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Sat, 18-Apr-2026