နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါတို့မြန်မာ

News Image

  • နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါတို့မြန်မာ

       မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီသည် ပြန်လည်၍ ဦးမော့လာပြီဖြစ်သည်။ ဒီမိုကရေစီစနစ်၏ အခင်းအကျင်းများဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး ၃ ရပ်မှာလည်းပီပြင်ထင်ရှားစွာ ထွက်ပေါ်လာပြီဖြစ်သည်။ မိမိတို့ပြည်သူများ မျှော်လင့်ခဲ့ရသော အစိုးရသစ်ကိုရရှိသည့်အခါ မိမိတို့ပြည်သူများ ကိုယ်တိုင်ကူညီအားပေး၍ အစိုးရသစ်နှင့်အတူ လက်တွဲကာ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်သယ်ပိုးကြဖို့ အဆင်သင့်ဖြစ်နေကြပေပြီ။ ပြည်သူများဘက်က အဆင်သင့်ဖြစ်နေခြင်းနှင့်အတူ  အစိုးရအဖွဲ့ကိုကောင်းမွန်စွာ ထောက်ကူပေးမည့် နိုင်ငံ့ဝန်ထမ်းများကလည်း အဆင်သင့်ရှိနေကြပြီဖြစ်သည်။

ပြည်သူတို့ရွေးချယ် တင်မြှောက်လိုက်သည့် ပြည်သူ့ခေါင်းဆောင်  နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ပေါ်ထွက်လာသော  ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုသားအားလုံး တန်းတူညီတူအေးအတူပူအမျ ှနေနိုင်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးစားဆောင်ရွက်နေပြီဖြစ်သည်။

ဒီမိုကရေစီအုတ်မြစ်ခိုင်ခံ့ သွားအောင်တည်ဆောက်မည့်   အစိုးရသစ်ပေါ်ထွက် လာခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းသည် ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်တော့မည်ဖြစ်သည်။ ပြည်သူလူထု၏ တစ်ခဲနက်မဲပေး ရွေးချယ်ထောက်ခံမှုဖြင့် ပေါ်ပေါက်လာသည့် နိုင်ငံတော်အစိုးရသစ်သည် ပြည်သူလူထု၏ကောင်းကျိုး စီးပွားများစွာဖန်တီး တည်ဆောက်အကောင်အထည် ဖော်ဆောင်ပေးမည်ဖြစ်သည်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြောင့် တိမ်းစောင်းခဲ့သည်များကို ပြန်လည်တည့်မတ်နိုင်ခဲ့ပြီဖြစ်၍ ပြည်သူတစ်ရပ်လုံးကလည်း အားရဝမ်းသာ ပျော်ရွှင်လျက်ရှိနေကြသည်။

ဤသို့ပျော်ရွှင်လျက်ရှိသည့် မြင်ကွင်းများကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈  ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ကာလ ရေသဘင်ပွဲတော်အခမ်းအနားများက သက်သေပြခဲ့ပြီးဖြစ်သည်

ကို ပြည်သူများမြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ လူငယ်လူရွယ် သိန်းပေါင်းများစွာတို့ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း လူငယ်များ၏ပါဝင်မဲပေးမှုမှာ အခြားသောအရွယ်ထက် အများဆုံးဖြစ်ခဲ့သည်။ လူငယ်လူရွယ်များ အပါအဝင် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအင်အားနှင့်  ထောက်ခံကူညီမှုကိုအားပြု၍အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးအနေအထားသို့ရောက်ရှိအောင် ဆောင်ရွက်ကြမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧပြီလ ၁၀ ရက်က နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်းတွင် ခုအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူတွေလိုလားတဲ့ လမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်နေပါပြီ။ ဒီမိုကရေစီစာမျက်နှာသစ်၊ တစ်နည်းအားဖြင့်ပြောရရင် ဒုတိယစာမျက်နှာကိုရေးဆွဲကြဖို့ အစပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့အကြားမှာ ညှိညှိနှိုင်းနှိုင်း၊တိုင်တိုင်ပင်ပင်နဲ့ နိုင်ငံ့အကျိုးကို ရှေးရှုဆောင်ရွက်သွားကြဖို့မှာကြားလိုပါတယ်။ တွေ့ကြုံလာရမယ့် အခက်အခဲမှန်သမျှကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အစကောင်းမှအနှောင်းသေချာဆိုသလို အတိတ်ကလိုနောက်ကြောင်း ပြန်လှည့်သွားရတာမျိုးမဖြစ်အောင် အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရသစ်အနေဖြင့်  နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံ ကောင်းမွန်ရေး အလေးထားဆောင်ရွက်မည်ဖြစ်ပေရာ အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်ရေးကိုလည်း အလေးထားဆောင်ရွက်မည်ဖြစ်သည်။ အဂတိလိုက်စားမှုမှာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့်စိတ်ဓာတ်ကိုလည်းပျက်စီးစေသည်။  ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးက အဓိကကတော့ ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူအားလုံး စိတ်ထားမှန်ကန်ကြဖို့နဲ့ စိတ်ကောင်းစေတနာတွေရှိကြဖို့ Mindset တွေကိုပြုပြင် ပြောင်းလဲနိုင်အောင်ကြိုးစားကြပါ ဟုတိုက်တွန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခိုင်မာအားကောင်းသော ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာခြင်းမှာ ပြည်သူလူထုအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ အစိုးရကောင်းတစ်ရပ်၏ ဦးဆောင်မှုနှင့်အတူ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နေနိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

MWD

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ ဧပြီ ၂၀  ရက်)