ဂါဇာအရေး ရပ်တည်ချက်ကြောင့် တောင်အာဖရိက အတိုက်အခံပါတီ DA ‘လူဖြူအထက်တန်းစားဝါဒ’ ကျင့်သုံးသည်ဟု စွပ်စွဲခံရ

News Image

  • ဂါဇာအရေး ရပ်တည်ချက်ကြောင့် တောင်အာဖရိက အတိုက်အခံပါတီ DA ‘လူဖြူအထက်တန်းစားဝါဒ’ ကျင့်သုံးသည်ဟု စွပ်စွဲခံရ

တောင်အာဖရိက အတိုက်အခံပါတီဖြစ်သော Democratic Alliance (DA) သည် ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ စစ်ရေးလုပ်ဆောင်မှု များကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ အဖြစ် သတ်မှတ်ရန်ပျက်ကွက်မှုကြောင့် ‘လူဖြူအထက်တန်းစားဝါဒ (White Supremacy)’ ကျင့်သုံးနေသည်ဟု ပြင်းပြင်းထန်ထန် စွပ်စွဲခံနေရသည်။

ဂျိုဟန်နက်စဘတ်မြို့တွင် ပြုလုပ်သည့် ပါတီအခမ်းအနားတစ်ခု၌ တက်ကြွလှုပ်ရှားသူ ပါစတာ နိုင်ဂျယ်လ် ဘရန်ကန် (Nigel Branken) က DA ပါတီသည် လူမျိုးရေးခွဲခြားမှုကို အားပေးနေပြီး ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများအပေါ် မျက်ကွယ်ပြုနေကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့သည်။ 

၎င်းက ICJ နှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ တွေ့ရှိချက်များကို ထောက်ပြကာ “ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နေတာကိုတောင် အသိအမှတ်မပြုနိုင်ဘဲ ခင်ဗျားတို့ရဲ့ ဦးဆောင်မှုကို ပြည်သူတွေက ဘယ်လိုယုံကြည်ရမလဲ” ဟု ပါတီခေါင်းဆောင် ဟယ်လင်ဇီလာ (Helen Zille) ကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့သည်။ ထို့အပြင် DA ပါတီအနေဖြင့် အစ္စရေးအပေါ် စီးပွားရေးပိတ်ဆို့မှုများ သို့မဟုတ် စစ်ရေးဆိုင်ရာ အရေးယူမှုများကို ထောက်ခံခြင်းဖြင့် သြဇာသက်ရောက်အောင် လုပ်ဆောင် နိုင်သော်လည်း ကိုယ်ကျင့်တရားကင်းမဲ့စွာ ငြင်းဆိုနေသည်ဟု ၎င်းက ဆိုသည်။

ယင်းစွပ်စွဲချက်များအပေါ် ဟယ်လင်ဇီလာက တည်ငြိမ်စွာတုံ့ပြန်ခဲ့ပြီး ကမ္ဘာ့ပြဿနာများကို စိတ်ဝင်စားသော်လည်း မိမိတို့နိုင်ငံအတွင်းရှိလူမျိုးစုအားလုံး သဟဇာတဖြစ်စွာ နေထိုင်ရေးစီမံကိန်းမှာ ပိုမိုအရေးကြီးကြောင်း ပြောကြားခဲ့သည်။ သူမက ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီ များပေးပို့ရန် ICJ ၏ အမိန့်ကို ကြိုဆိုသော်လည်း လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စွဲဆိုထားသည့်အမှုအပေါ် ပါတီ၏ ကန့်ကွက်သည့်ရပ်တည်ချက် ကိုမူ ဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ 

အဆိုပါ ဖြစ်ရပ်ဗီဒီယိုမှာ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး အချို့က ဘရန်ကန်၏ အမှန်တရားကို ရဲဝံ့စွာပြောဆိုမှုကို ချီးကျူး နေကြသကဲ့သို့ အချို့ကလည်း အဆိုပါရပ်တည်ချက်ကြောင့် လာမည့်ရွေးကောက်ပွဲတွင် DA ပါတီအနေဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု လျော့နည်းသွားနိုင်ကြောင်း ဝေဖန်သုံးသပ်နေကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး