အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချိုးဖောက်မှုအပေါ် အမေရိကန်နှင့် အီရန် အပြန်အလှန်စွပ်စွဲ
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု ဧပြီလ ၁၉ ရက်နေ့တွင် အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဘက်မှ အီရန်၏ ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းများကို ပိတ်ဆို့ထားခြင်းသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ပြီး တရားမဝင်သော ရာဇဝတ်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမာအီဘာဂါအီက ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်နေကြောင်း စွပ်စွဲထားသည်။
ထို့အပြင် ၎င်းက သဘောတူညီချက်တစ်ခုကို နည်းလမ်းကောင်းဖြင့်ဖြစ်စေ၊ နည်းလမ်းကြမ်းဖြင့်ဖြစ်စေ ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဧပြီလ ၂၀ ရက်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အီရန်နှင့် ဆွေးနွေးပွဲအသစ်အတွက် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထရမ့်က အမေရိကန်အနေဖြင့် မျှတပြီး သင့်လျော်သော သဘောတူညီချက်တစ်ခုကို ကမ်းလှမ်းထားကြောင်း၊ အကယ်၍ အီရန်ဘက်မှ လက်မခံပါက အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများအားလုံးကို ဖျက်ဆီးမည်ဟု သတိပေးထားသည်။
လက်ရှိတွင် နှစ်ဖက်တင်းမာမှုများကြောင့် ဟော်မုရေလက်ကြားကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။
Ref: Xinhua
MWD
