အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် တရားစွဲဆိုခံရ
အမေရိကန်နိုင်ငံ၏ ထိပ်တန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ (Delta Force) နှင့်အတူ တာဝန်ဖမ်းဆောင်ခဲ့ဖူးသည့် ကြည်းတပ်စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ကော့တ်နေ ဝီလျံ (Courtney Williams) သည် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို သတင်းထောက်တစ်ဦးထံပေးပို့ခဲ့မှုဖြင့် ဖက်ဒရယ်ဂျူရီအဖွဲ့၏ စွဲချက် တင်ခြင်းကိုခံခဲ့ရကြောင်း အမေရိကန်တရားရေးဝန်ဌာန (DOJ) က ထုတ်ပြန်ခဲ့သည်။
မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝါဂရမ်မြို့တွင် နေထိုင်သည့် ဝီလျံသည် ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အတွင်း အထူးတပ်ဖွဲ့ဝင်များ ပြည်ပသို့ လျှို့ဝှက်စွာ တာဝန်သွားရောက်ထမ်းဆောင်နိုင်ရန် စာရွက်စာတမ်းလုပ်ငန်းစဉ်များ ကိုင်တွယ်ရသည့်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဆင့်မြင့် လုံခြုံရေးခွင့်ပြုချက် (Security Clearance) ရရှိထားသူလည်း ဖြစ်သည်။
တရားရုံးမှတ်တမ်းများတွင် သတင်းထောက်အမည်ကို တရားဝင် ဖော်ပြ ထားခြင်း မရှိသော်လည်း ၎င်းမှာ ‘The Fort Bragg Cartel’ စာအုပ်ကို ရေးသားသူ ဆတ် ဟာ့ပ် (Seth Harp) ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဝီလျံသည် အဆိုပါစာအုပ်တွင် သတင်းရင်းမြစ်အဖြစ် အကြိမ်ကြိမ် ပါဝင်ခဲ့သည်။
ဟာ့ပ်၏ ပြောကြားချက်အရ ဝီလျံသည် စစ်မှုထမ်းစဉ်အတွင်း ဖို့တ် ဘရက်ဂ်စစ်စခန်း၌ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှု များကို နှစ်ရှည်လများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း DOJ ကမူ ဝီလျံသည် ၎င်း၏လျှို့ဝှက်ချက်ထိန်းသိမ်းခြင်းဆိုင်ရာ ကတိကဝတ် များကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားပြီး အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေသည်။
FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ်က အဆိုပါဖမ်းဆီးမှုသည် နိုင်ငံတော်ကို သစ္စာဖောက်ကာ အမေရိကန်ပြည်သူများကို အန္တရာယ် ဖြစ်စေသူများအတွက် ပြင်းထန်သော သတိပေးချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း စာရေးဆရာ ဆတ် ဟာ့ပ်က ထိုတရားစွဲဆိုမှုမှာ ဒေါသထွက်စရာကောင်းပြီး သမ္မတ ထရမ့်၏ တရားရေး ဝန်ကြီးဌာနအနေဖြင့် မည်သည့်အချက်အလက်များ ပေါက်ကြားသည် ကိုပင် တိကျစွာ ထုတ်ပြန်ခြင်း မရှိကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
လက်ရှိတွင် ဝီလျံကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူမကို တရားခွင်မတိုင်မီ ဆက်လက်ချုပ်နှောင်ထားမည်လားဆိုသည်ကို လာမည့်တနင်္လာနေ့ (ဧပြီ ၁၃) တွင် တရားရုံးက ဆုံးဖြတ်သွားမည် ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
