အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိသည့် “မီးတံတိုင်း” ဘက်ထရီနည်းပညာအသစ် တီထွင်
လျှပ်စစ်ကား (EV) များတွင် ဘက်ထရီမီးလောင်ပေါက်ကွဲမှုကို ကာကွယ်နိုင်ရန် အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိသော “မီးတံတိုင်း” နည်းပညာအသစ်တစ်ခုကို တရုတ်သုတေသီများက တီထွင်လိုက်ကြောင်း သိရသည်။
နန်ကျင်းစက်မှုတက္ကသိုလ်မှ ဖန်တီးထားသည့် ယင်းနည်းပညာသည် ဘက်ထရီအကန့်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပါက အခြားအကန့်များသို့ အပူမကူးစက်စေရန် အထူးကာကွယ်ပေးနိုင်သော စနစ်ဖြစ်သည်။
နည်းပညာတွင် Silica Aerogel ဟုခေါ်သော အလွန်ပေါ့ပါးသည့် အလွှာကို အသုံးပြုထားပြီး အထူ ၂.၃ မီလီမီတာသာရှိသော်လည်း တစ်ဖက်တွင် အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေသည့်အခြေအနေတွင်ပင် အခြားတစ်ဖက်သို့ အပူမကူးစက်စေဘဲ ၅ မိနစ်ကျော်ကြာ ထိန်းသိမ်းပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် ဘက်ထရီများ အားသွင်းစဉ်အတွင်း ပွလာခြင်း သို့မဟုတ် ကျုံ့သွားခြင်းတို့ကိုလည်း ၉၀ ရာခိုင်နှုန်းကျော်အထိ ခံနိုင်ရည်ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် CATL၊ BYD နှင့် Xiaomi ကဲ့သို့သော ထိပ်တန်းကုမ္ပဏီကြီးများသည် ယင်းနည်းပညာကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပြီး လျှပ်စစ်ကားများတွင် မတော်တဆမှုကြောင့် ဘက်ထရီမီးလောင်သည့်အခြေအနေများတွင် ဘေးလွတ်ရာသို့ ထွက်ခွာနိုင်ရန် အချိန်ပိုရရှိစေနိုင်မည်ဖြစ်သည်။
Ref: IE
ကိုထက်
MWD
