AI ဒရုန်းနည်းပညာပြိုင်ပွဲတွင် အမေရိကန် နောက်ကျကျန်နေကြောင်း NYT ဖော်ပြ
အမေရိကန်သည် AI စနစ်သုံး ဒရုန်းနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် ရုရှားနှင့်တရုတ်နိုင်ငံတို့၏ နောက်ကောက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းNew York Times (NYT) က အမေရိကန် ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။
လူသားတို့၏ ညွှန်ကြားချက်မပါဘဲ ပစ်မှတ်များကို ကိုယ်တိုင်ရှာဖွေ တိုက်ခိုက်နိုင်သည့် အဆိုပါ မျိုးဆက်သစ် ဒရုန်းနည်းပညာနှင့် ပတ်သက်၍ ပေကျင်းတွင်ကျင်းပခဲ့သော စစ်ရေးပြပွဲအတွင်း တရုတ်၏ တိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ပင်တဂွန်အရာရှိများက စိုးရိမ်ပူပန်မှုများ ရှိလာခြင်းဖြစ်သည်။
အထူးသဖြင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့် တရုတ်နိုင်ငံ၏ Jiutian ဒရုန်းသည် AI လမ်းညွှန်စနစ်သုံး ဒရုန်းအငယ်စား အစင်း ၁၀၀ အထိ တင်ဆောင်ကာ ပင်မဒရုန်းအဖြစ်လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် အမေရိကန်၏ စီမံကိန်းများထက် သိသိသာသာ ရှေ့ပြေးနေသည်ဟု ယူဆရသည်။
အလားတူပင် ရုရှားနိုင်ငံသည်လည်း ၎င်းတို့၏ Lancet ဝေဟင်သုံး ခဲယမ်းများတွင် အလိုအလျောက် ပစ်မှတ်ရှာဖွေနိုင်သည့်စနစ်များကို အောင်မြင်စွာ တပ်ဆင်လာနိုင်ခဲ့သည်။ ရုရှားသည် ယူကရိန်းစစ်မြေပြင်ကို နည်းပညာစမ်းသပ်ကွင်းအဖြစ်အသုံးချကာ ၎င်းတို့၏ ဒရုန်းစွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်နေသကဲ့သို့ အဆင့်မြင့်ဒရုန်းများ အမြောက်အမြား ထုတ်လုပ်နိုင်မည့် စက်ရုံအဆောက်အအုံများကိုလည်း အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိသည်။
တရုတ်နိုင်ငံတွင်မူ အရပ်ဘက်-စစ်ဘက် ပေါင်းစည်းရေးမူဝါဒအရ နည်းပညာကုမ္ပဏီများနှင့် စစ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် နေမှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စိုးမိုးထားနိုင်မှုတို့ကြောင့် အလိုအလျောက်မောင်းနှင်သည့် လက်နက်များကို အမေရိကန်ထက် ပိုမို ကြီးမားသော အတိုင်းအတာဖြင့် ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။
အမေရိကန်အစိုးရသည် ယခုအခါ ပြိုင်ဘက်များကို အမီလိုက်ရန် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံနေသော်လည်း အစဉ်အလာ ကန်ထရိုက်တာ ကြီးများနှင့် အချိန်ကာလရှည်ကြာစွာ စောင့်ဆိုင်းရသည့် ပင်တဂွန်၏ ပစ္စည်းဝယ်ယူရေးစနစ်မှာ အကျိုးသက်ရောက်မှု အားနည်းနေကြောင်း ဝေဖန်မှုများ ရှိနေသည်။
CNN ၏ ဖော်ပြချက်အရလည်း အမေရိကန် ကာကွယ်ရေး ကုမ္ပဏီများ သည် ဂျက်တိုက်လေယာဉ်နှင့် တင့်ကားများကဲ့သို့သော ကြီးမားပြီး ဈေးကြီးသည့် လက်နက်စနစ်များကိုသာ နှစ်ပေါင်းများစွာ အာရုံစိုက်ခဲ့ကြသဖြင့် လက်ရှိ စစ်မြေပြင်တွင် အလွန်အရေးပါလာသည့် သေးငယ်ပြီး ကုန်ကျစရိတ်သက်သာသော ဒရုန်းများကို ထုတ်လုပ်ရန် ရုန်းကန်နေရကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
