အီရန်၏ နျူကလီးယားလက်ကျန်များကို ‘နျူကလီးယား ဖုန်မှုန့်’ ဟု သမ္မတထရမ့် သုံးနှုန်းပြောဆိုမှုအပေါ် ကျွမ်းကျင်သူများ ဝေဖန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်မည်မဟုတ်ကြောင်း သဘောတူညီခဲ့ပြီး ၎င်းတို့ထံတွင်ရှိသော "နျူကလီးယား ဖုန်မှုန့်" (Nuclear Dust) များကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ယမန်နေ့ (ဧပြီ ၁၆) က ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတထရမ့်သည် "နျူကလီးယား ဖုန်မှုန့်" ဆိုသည့် စကားရပ်ကို အီရန်၏ သန့်စင်ပြီးယူရေနီယံ လက်ကျန်များကိုရည်ညွှန်းရန် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း အဆိုပါအသုံးအနှုန်းမှာ နျူကလီးယားသိပ္ပံနယ်ပယ်တွင် သုံးစွဲလေ့မရှိသည့်အတွက် ပညာရှင်များအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။
အထူးသဖြင့် သမ္မတထရမ့်နှင့် ၎င်း၏ထိပ်တန်းညှိနှိုင်းရေးမှူးဖြစ်သူ အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း စတိဗ် ဝစ်ကော့ဖ်တို့၏ ပြောဆိုချက်များသည် နျူကလီးယားဆိုင်ရာ နည်းပညာရပ်များကို အမှန်တကယ် နားလည်သဘောပေါက်မှု ရှိ၊ မရှိ သံသယဖြစ်ဖွယ် ရှိနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။ နျူကလီးယားစွမ်းအင် သို့မဟုတ် လက်နက်ထုတ်လုပ်ရန်အတွက် ယူရေနီယံကို သန့်စင်ခြင်း (Enrichment) လုပ်ငန်းစဉ်ကို မဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်ပြီး သဘာဝအလျောက်တွေ့ရသော ယူရေနီယံ-၂၃၈ ထက် နျူကလိယပ်စ်ခွဲထုတ်ရန်ပိုမိုလွယ်ကူသည့်ယူရေနီယံ-၂၃၅ ပါဝင်မှုနှုန်း မြင့်မားလာစေရန် လုပ်ဆောင်ရခြင်း ဖြစ်သည်။
အမေရိကန်အစိုးရသည် ယခင်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အီရန်သည် ယူရေနီယံသန့်စင်မှုကို လက်နက် အဆင့်မီ (Weapons-grade) အထိ နီးကပ်စွာ လုပ်ဆောင်လာခဲ့သည်။ လက်ရှိတွင် ထရမ့်၏ ညှိနှိုင်းရေးအဖွဲ့က အီရန်နှင့် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း နည်းပညာဆိုင်ရာ အခြေခံအချက်အလက်များအပေါ် ၎င်းတို့၏ နားလည်မှုအားနည်းချက်များက ဆွေးနွေးမှုရလဒ်များအပေါ် မည်သို့သက်ရောက်မှုရှိလာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
