အာရှဖလား ယူ-၁၇ ပြိုင်ပွဲမတိုင်မီ မြန်မာယူ-၁၇ အမျိုးသမီးအသင်း တရုတ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန်စီစဉ်

News Image

  • အာရှဖလား ယူ-၁၇ ပြိုင်ပွဲမတိုင်မီ မြန်မာယူ-၁၇ အမျိုးသမီးအသင်း တရုတ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန်စီစဉ်

ရန်ကုန်၊ ဧပြီ ၂၀ — တရုတ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ အာရှယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (2026 AFC U-17 Women’s Asian Cup) တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ တရုတ်ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်ယူ-၁၇ အမျိုးသမီးအသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးအဆင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဧပြီလ ၁၈ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီး လက်ရှိတွင် Suzhou မြို့၌ ပုံမှန်လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသင်းအဆင်ပြေစေရန်နှင့် ပြိုင်ပွဲကျင်းပရာ တရုတ်နိုင်ငံ၏ ရာသီဥတုနှင့် ကွင်းအနေအထားများနှင့် အသားကျစေရန်အတွက် ပြိုင်ပွဲမစတင်မီ ၁၀ ရက်ကျော် ကြိုတင်သွားရောက် လေ့ကျင့်နိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

ဂျပန်လူမျိုး နည်းပြချုပ် Ms. Kumiko Tashiro ဦးဆောင်သည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းတွင် အပြီးသတ်ရွေးချယ်ထားသည့် ကစားသမား ၂၃ ဦး လိုက်ပါသွားကြောင်း သိရသည်။

မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် အုပ်စု (က) တွင် အိမ်ရှင်တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး မေလ ၁ ရက် ည ၆ နာရီတွင် Suzhou Sports Centre ၌ အိမ်ရှင်တရုတ်အသင်းနှင့်၊ မေလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် Suzhou Taihu Centre ၌ ထိုင်းအသင်းနှင့်၊ မေလ ၇ ရက် ည ၆ နာရီတွင် Suzhou Taihu Centre ၌ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့အတူ အုပ်စု (ခ) တွင် ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် လက်ဘနွန်အသင်းများ ပါဝင်ပြီး အုပ်စု (ဂ) တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) အသင်းများ ပါဝင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီမှ ထိပ်ဆုံးနှစ်သင်းအပြင် အကောင်းဆုံးအုပ်စုတတိယရရှိသည့် နှစ်သင်းလည်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

MWD