ဂျာမန်ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဆုဆွတ်ခူး
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၃၀) အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် စတုဂတ်အသင်းတို့ ကစားခဲ့သည့်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းက ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် လေးပွဲအလိုတွင်ပင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် ဂူရီယာရို၊ ၃၃ မိနစ်တွင် ဂျက်ဆင်၊ ၃၇ မိနစ်တွင် ဒေးဗီးနှင့် ၅၂ မိနစ်တွင် ဟယ်ရီကိန်းတို့က သွင်းယူပေးခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပွဲစဉ် (၃၀) အပြီးတွင် ၂၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၇၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၂) နေရာမှ ဒေါ့မွန်အသင်းကို ၁၅ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့သည်။ ဒေါ့မွန်အသင်းအနေဖြင့် လက်ကျန်ပွဲအားလုံး အနိုင်ရရှိလျှင်ပင် ဘိုင်ယန်မြူးနစ်အသင်းကို မီနိုင်ခြင်းမရှိတော့သဖြင့် ချန်ပီယံဆု အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရာသီတွင် ချန်ပီယံဆု လက်လွှတ်ခဲ့ရသော်လည်း ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ပြန်လည်ရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ၃၅ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီတွင် ပွဲစဉ် (၃၀) အပြီး၌ သွင်းဂိုး ၁၀၉ ဂိုးအထိ ရရှိထားပြီး ဥရောပထိပ်တန်းလိဂ်များအတွင်း သွင်းဂိုး ၁၀၀ ကျော်သည့် တစ်သင်းတည်းသောအသင်းအဖြစ်လည်း ရပ်တည်နေသည်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် နောက်ဆုံး ၁၅ ရာသီအတွင်း ဘိုင်ယန်မြူးနစ်အသင်းသည် ၁၃ ရာသီချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းနှင့် လေဗာကူဆင်အသင်းတို့သာ အနည်းငယ်သောရာသီများတွင် ချန်ပီယံဖြစ်ခဲ့သည်။
ယခုရာသီတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ၃၂ ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။
MWD
