အာရှ သဲသောင်ပြင်အားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
ရန်ကုန် ဧပြီ ၂၁
တရုတ်နိုင်ငံ ဆန်ညာမြို့တွင် ဧပြီ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစား ပြိုင်ပွဲ (6th Asian Beach Games) ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင်တက်ဂ်ဘောအသင်းသည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားသည်။
မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးမိုးကျော်နှင့် ဦးချစ်ကိုကိုတို့ ဦးဆောင်သော မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းတွင် အုပ်ချုပ်/ နည်းပြအဖွဲ့ လေးဦးနှင့် ကစားသမားခြောက်ဦး လိုက်ပါသွားပြီး မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဇာနည်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်ပါပို့ဆောင်ကြသည်။
အဆိုပါ အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော လက်ရွေးစင်အသင်း အနေဖြင့် ပြိုင်ပွဲသတ်မှတ်ချက်အရ Event သုံးမျိုးဖြစ်သည့် အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲနှင့် အမျိုးသား + အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ တစ်ရက် အလိုတွင် အုပ်စုပွဲစဉ်များမဲနှိုက် ရွေးချယ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာတက်ဂ်ဘောအသင်း တွင် အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ၌ စောဖရိုက်ဒေးနှင့် စည်သူထွန်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ၌ နိုင်နိုင်ဝင်းနှင့် ဆုမွန်အောင်၊ အမျိုးသား+အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲ၌ ကိုကိုလွင်နှင့် ခင်ဆုဝေ တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာတက်ဂ်ဘော လက်ရွေး စင်အသင်းတွင် ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သော ကစားသမားများကို အခြေခံပြီး ကစားသမားသစ်နှစ်ဦးဖြင့် ပေါင်းစပ်ရွေးချယ်ဖွဲ့စည်းထားကြောင်း သိရသည်။
သတင်း - ကိုညီလေး ဓာတ်ပုံ - MTF
MDN
