ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော လက်နက်တင်ပို့မှု ကန့်သတ်ချက်များကို ဂျပန် ဖြေလျှော့
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် နိုင်ငံ၏ ၁၉၄၇ ခုနှစ် ငြိမ်းချမ်းရေးအခြေခံဥပဒေအရ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သည့် သေစေနိုင်သော လက်နက်များ ပြည်ပသို့ တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်ချက်များကို အဆုံးသတ်လိုက်ကြောင်း အင်္ဂါနေ့ (ဧပြီ ၂၁) တွင် တရားဝင်ကြေညာခဲ့သည်။
ယခင်က ရှာဖွေကယ်ဆယ်ရေးနှင့် မိုင်းရှင်းလင်းရေးကဲ့သို့သော အရပ်ဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းအမျိုးအစား (၅) မျိုးကိုသာ တင်ပို့ ခွင့်ပြုခဲ့သော်လည်း ယခုပြင်ဆင်ချက်အရ ကာကွယ်ရေးပစ္စည်းအားလုံးကို မူအားဖြင့် တင်ပို့နိုင်တော့မည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့်ဂျပန်ကုမ္ပဏီများသည် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ကာကွယ်ရေးနည်းပညာလွှဲပြောင်းရေး သဘောတူညီချက်ရရှိထားသည့် နိုင်ငံပေါင်း (၁၇) နိုင်ငံသို့ လက်နက်များရောင်းချခွင့် ရရှိလာမည်ဖြစ်သည်။
ဝန်ကြီးချုပ် တာကာအီချီက ယခုခြေလှမ်းသည် ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများပြားလာခြင်းကြောင့်ဖြစ်ပြီး မည်သည့်နိုင်ငံမျှ မိမိကိုယ်တိုင် လုံခြုံရေးကို တစ်နိုင်ငံတည်းမကာကွယ်နိုင်တော့ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို မြတ်နိုးသည့် လမ်းစဉ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု အခိုင်အမာဆိုသော်လည်း ဝေဖန်သူများကမူ ဤသည်မှာ ဂျပန်နိုင်ငံ၏ စစ်အင်အားအပြည့်အဝ ပြန်လည် တည်ဆောက်ရေးဆီသို့ ဦးတည်နေသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြသည်။
လက်တွေ့တွင်လည်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JSDF) သည် ခေတ်မီစစ်လက်နက်ပစ္စည်းများ အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ် တစ်ခုအဖြစ် တည်ရှိနေပြီးဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းကလည်း ဂျပန်နိုင်ငံထုတ် Patriot ဒုံးကျည်များကို အမေရိကန်သို့ ပထမဆုံး အကြိမ် လွှဲပြောင်းပေးအပ်ခြင်းဖြင့် ဂျပန်၏ စစ်ရေးမူဝါဒအပြောင်းအလဲကို စတင်ဖော်ပြခဲ့ပြီးဖြစ်သည်။
ကိုးကား- RT
Photo: Times Kuwait
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
