ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာ နှစ်သိန်းခန့်ဝင်ရောက်

News Image

  • ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာ နှစ်သိန်းခန့်ဝင်ရောက်

ရန်ကုန်   ဧပြီ  ၂၄

     ရန်ကုန်မြို့ရှိ  ဘုရင့်နောင်ကုန်စည်ဒိုင် သို့  သင်္ကြန်ပြီးကာလတွင်  တစ်ရက်လျှင် ကြက်သွန်နီပိဿာနှစ်သိန်းခန့်ဝင်ရောက် နေကြောင်း မြန်မာနိုင်ငံ   ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း မှ သိရသည်။

"သင်္ကြန်မတိုင်မီက     တစ်ရက်ကို ကြက်သွန်နီပိဿာ သုံးသောင်းကျော်ပဲဝင် ခဲ့တယ်။ လက်ရှိမှာ  တစ်ရက်ကို  ပိဿာ နှစ်သိန်းလောက်ဝင်ရောက်မှုရှိပါတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ   ကြက်သွန် ကုန်သည် ဦးဖြိုးအောင်ကပြောသည်။

 ပြီးခဲ့သည့်သင်္ကြန်မတိုင်မီကာလက တစ်ရက်လျှင်  နယ်စုံမှကြက်သွန်နီကား အစီးရေခြောက်စီးမှ   ၁၀ စီးခန့်သာဝင် ရောက်ခဲ့ရာမှ လက်ရှိတွင် တစ်ရက်လျှင် ကြက်သွန်နီကားအစီးရေ  ၃၀ ကျော် အထိ  ဝင်ရောက်လျက်ရှိပြီး   အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရသည်။

"လက်ရှိ ကြက်သွန်နီအဝင်လည်းများ လာပါတယ်။နယ်စုံက ဝင်နေတာပါ"ဟု ဦးဖြိုးအောင်က ပြောသည်။

ဆောင်းကြက်သွန်များမှာ  တာရှည်အထားခံခြင်းကြောင့် တစ်နှစ်ပတ်လုံး သိုလှောင်ထားနိုင်သော်လည်း တောင်သူတချို့က နုတ်သိမ်းပြီးချိန်တွင်     ရောင်းချလေ့ရှိပြီး တချို့က ကြက်သွန်ဈေးကောင်းသည့်အချိန်မှသာ     ထုတ်ရောင်းလေ့ရှိကြောင်း သိရသည်။               

MWD