ကင်းမွန်တစ်ကီလို ကျပ် ၂၀၀၀၀ ဖြင့် ပင်လယ်ပျော်ဆလုံများ ဈေးကောင်းရလျက်ရှိ

News Image

  • ကင်းမွန်တစ်ကီလို ကျပ် ၂၀၀၀၀ ဖြင့် ပင်လယ်ပျော်ဆလုံများ ဈေးကောင်းရလျက်ရှိ

ရန်ကုန် ဧပြီ ၂၆

 

ကော့သောင်းခရိုင် မကြုံဂလက်၊ ညောင်ဝှီး၊ ဂျအုံး၊ ဂျလန်း၊ ဇာဒက်ကြီးကျွန်းတို့တွင် နေထိုင်သည့် ဆလုံတိုင်းရင်းသားများ ယခုရာသီတွင် ရိုးရာလုပ်ငန်းဖြစ်သည့် မိသားစုလိုက် ပင်လယ်ပြင်ကင်းမွန်မျှားခြင်းဖြင့် ကင်းမွန်တစ်ကီလိုလျှင် ကျပ် ၂၀၀၀၀ ဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

 

ကင်းမွန်(ပြည်ကြီးငါး) ပေါက်ပွားနှုန်းနှင့် အထိအမိကောင်းသည့် မိုးရာသီမဟုတ်သော်လည်း ထိုင်းနိုင်ငံက ဈေးကောင်းပေးမှုကြောင့် ပင်လယ်ပြင်၌ ဆလုံတိုင်းရင်းသားများ ရာသီမပြတ် သန္တာနီ၊ သန္တာနက်ကျွန်းနှင့် ငါးမန်းကျွန်းအနီး၌ ကင်းမွန်မျှား၍ အတူလိုက်ပါသည့် ကဗန်းစက်လှေသို့ ပြန်လည်‌ရောင်းချလေ့ရှိကာ ထိုကဗန်းစက်လှေမှ ကော့သောင်း ဒိုင်သို့ပို့ပြီး ကော့သောင်းဒိုင်က ထိုင်းနိုင်ငံသို့တစ်ဆင့် ပြန်‌လည်ရောင်းချကြောင်း သိရသည်။

 

ဒီရာသီက ကင်းမွန်အထိအမိမကောင်းပေမယ့် ဈေးကောင်းရတဲ့အတွက် ပင်လယ်ပြင်ထွက်ကြတာ များတယ်။ ရှေ့က ကဗန်းစက်လှေကြီးနောက်မှာ ကျွန်တော်တို့ စတော်ငယ်လှေလေးတွေ လိုက်ပါပြီး ကင်းမွန်မျှားမယ့်နေရာရောက်ရင် မျှားကြပါတယ်။ ဖမ်းမိတဲ့ ကင်းမွန်၊ ကျောက်ငါးတွေကို ကဗန်းလှေ ပိုင်ရှင်ဆီရောင်းတယ်။ သူကပဲဝယ်တယ်၊ ထမင်းကျွေးတယ်။ ကျွန်တော်တို့က မျှားတဲ့သူကမျှား၊ ရေငုပ်ပြီး ကျောက်ငါးရှာတဲ့သူက ရှာကြပါတယ်။ ကျွန်တော်တို့တွေက ရေလုပ်ငန်းပဲလုပ်တတ်ပြီး ကင်းမွန်ကို ရာသီမပြတ်မျှားပြီးတော့ အသက်မွေးကြတာပါ။ မိုးရာသီဆိုရင် ကင်းမွန်ပိုပြီး ရကြပါတယ်။ ဈေးတော့ကျသွားတယ်။ ဒီရာသီမှာ ကင်းမွန်ရှားတဲ့အတွက် ဈေးကောင်းရတာကြောင့် ကင်းမွန်ကိုပဲ အဓိကထားပြီး ဖမ်းကြတာများတယ်။ ရာသီဥတု ကောင်းမွန်ပြီး ကင်းမွန်ဈေးကောင်းတဲ့အတွက် အဆင်ပြေနေပါတယ်ဟု ဇာဒက်ကြီးကျွန်းအနီး ပင်လယ်ပြင်တွင် ကင်းမွန်မျှားနေသည့် ဆလုံတိုင်းရင်းသား ကိုဇာန်မိုးက ပြောသည်။

 

ကင်းမွန်ကို လဆုတ် ၃ ရက်မှ လဆန်း ၃ ရက်အထိ ပင်လယ်ပြင်တွင်မျှားလေ့ရှိပြီး ၁၅ ရက်ကျော်အကြာ ကမ်းသို့ပြန်ဝင်သည်။ ဆလုံတိုင်းရင်းသားများ ကျွန်းပေါ်တွင် စည်ကားစွာ တွေ့မြင်ရသောအချိန်သည် သီတင်းကျွတ်ကာလနှင့် ဆလုံနတ်ပွဲကျင်းပရာ ဖေဖော်ဝါရီလ၊ မတ်လတို့ဖြစ်သည်။

 

ကော့သောင်းပင်လယ်ပြင် ကမ်းနီးရေတိမ်တွင် ဆလုံများ စတော်ငယ်လှေများဖြင့် ကင်းမွန်၊ ဗီးဇင်းငါး၊ ကျောက်ငါး၊ ကုလားငို၊ ဇာချမ်းငါးတို့ကို မျှားလေ့ရှိပြီး အခြားသော ဆလုံများက မိသားစုလိုက် ပင်လယ်ပြင်သို့ ကဗန်းစက်လှေဖြင့်ထွက်၍ စက်တပ်ဂလတ်၊ ဝါးအလယ်ကျွန်းအနီး၌ ညပိုင်းတွင် အောက်ဆီဂျင်ပေး၍ ရေအောက်သို့ငုပ်ကာ လျှပ်စစ်မီးဖြင့် ကျောက်ပုစွန်(ပုဂဲ) မျှော့၊ ကျောက်ငါးတို့ကို ဖမ်းဆီးပြီး နောက်တစ်ရက်တွင် မကြုံဂလက်ကျေးရွာ ဒိုင်သို့‌ရောင်းချလေ့ရှိသည်။ လက်ရှိတွင် ကျောက်ပုစွန် လေးကီလိုအထက် အကြီးဆိုဒ် တစ်ကီလိုလျှင် ကျပ် ၄၀၀၀၀ ကျော်၊ အသေးဆိုဒ် ကျပ် ၂၅၀၀၀ ရရှိကြပြီး ထိုင်းနိုင်ငံ ရနောင်းငါးဈေးကွက်၌ ကျောက်ပုစွန်တစ်ကီလိုလျှင် ဘတ် ၁၀၀၀ ဈေးရရှိကာ ကင်းမွန်အထိအမိကောင်းချိန်၌ တစ်ကီလို ကျပ် ၁၂၀၀၀ ရရှိသော ကင်းမွန်တစ်ကီလိုလျှင် ယခုအခါ ကျပ် ၂၀၀၀၀ ဈေးဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်

MDN