တတိယအကြိမ် ကမ္ဘာ့ဖလား အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာ အိုလံပစ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ချန်ပီယံဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

News Image

  • တတိယအကြိမ် ကမ္ဘာ့ဖလား အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာ အိုလံပစ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ချန်ပီယံဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဧပြီ    ၂၈

      ၂၀၂၆ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhuhai မြို့၌   ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားအင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာ အိုလံပစ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ချန်ပီယံဆု ဖလားများ ရရှိခဲ့

ကြသော မြစ်ကြီးနားမြို့ရှိ I.E.L.T IPSS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍  ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါ ကမ္ဘာ့အိုလံပစ်ဖိတ်ခေါ်ပြိုင်ပွဲသည် ယခင်နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော  ကျောင်းများကို ဖိတ်ခေါ်ပြီး ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်ကာ ကမ္ဘာအနှံ့မှ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှ    နိုင်ငံကိုယ်စားပြု အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးလုံးက   ဘာသာရပ်အလိုက်/ ထက်၊ လယ်၊ မူ အဆင့်အလိုက် Global Star Award (အမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူဆု)ရရှိသူနှစ်ဦး၊  World Cup Champion (ချန်ပီယံဆုဖလား) ရရှိသူ ငါးဦးအသီးသီးရရှိခဲ့သည့်အပြင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များနှင့် ဆုအများဆုံးရရှိသည့် နိုင်ငံကိုပေးအပ်သည့် Global Outstanding School Award ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆုများရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးနှင့်  ကြီးကြပ်သူဆရာမတို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် စုစုပေါင်း ၈၈ သိန်း ကို ချီးမြှင့်ပေးအပ်ပြီး ဆုရကျောင်းသား တစ်ဦးက   ပြိုင်ပွဲအတွေ့အကြုံများနှင့် ကျေးဇူးတင်စကား  ပြန်လည် ပြောကြားကြောင်း သိရသည်။

MWD