ညောင်လေးပင်မြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ညောင်လေးပင် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ခုတင် - ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများက ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာတိုက်နယ်ဆေးရုံကြီး၌ ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးမြို့ ခုတင် -၅၀၀ဆံ့ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က လာရောက်ပြသသူ လူနာစုစုပေါင်း ၆၀၀ ကျော်အား ကျန်းမာရေးစစ်ဆေး ကုသပေးသည်။
ဆေးကုသမှုလာရောက်ခံယူကြသည့် ပြည်သူများအား ညောင်လေးပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်၊ ညောင်လေးပင်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး အထူးကုဆရာဝန်ကြီးများက ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြနှင့်ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေးနှင့် ပြည်သူများ အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်ရေးအတွက် မြို့ပေါ်ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကျေးလက်ဒေသအထိ အခမဲ့ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများအပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း ဖြည့်ဆည်းပေးလျက် ရှိကြောင်း သိရသည်။
MWD
