အိန္ဒိယ၌ အပူလှိုင်းဖြတ်မှု ပုံမှန်ထက်ပိုမိုကြာရှည်နိုင်သဖြင့် လျှပ်စစ်ဓာတ်အားစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်နေ
အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဖြတ်မှုသည် ပုံမှန်ထက် ပိုမိုကြာရှည်လာနိုင်သဖြင့် လျှပ်စစ်ဓာတ်အားစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်နေကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
အပူလှိုင်းကြာရှည်မှုကြောင့် ဇွန်လအထိ မိုးမရွာသွန်းမီကာလအတွင်း ပြင်းထန်သော နွေရာသီအပူဒဏ်ကို ဆက်လက်ရင်ဆိုင်ရမည့်အပြင် လက်ရှိတွင်လည်း ပုံမှန်ထက် မြင့်မားသောအပူချိန်များကြောင့် စွမ်းအင်ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အိန္ဒိယအနောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ လူဦးရေထူထပ်သော ပြည်နယ်များတွင် အပူလှိုင်းဖြတ်မှုသည် ပုံမှန်ထက် ပိုမိုကြာရှည်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က မေလ ၁ ရက်တွင် ခန့်မှန်းထုတ်ပြန်ထားသည်။
ဂူဂျာရတ်ပြည်နယ်၊ မဟာရက်ရှထရာပြည်နယ်နှင့် ဟိမဝန္တာတောင်ခြေဒေသအချို့တွင် မေလအတွင်း ပုံမှန်မဟုတ်သည့် အပူချိန်မြင့်မားသော ရက်များ ပိုမိုများပြားလာနိုင်ကြောင်းလည်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၀ ခန့်သည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်နေပြီး လက်ရှိဒေသတွင်းအခြေအနေများနှင့် စွမ်းအင်ပြတ်လပ်မှုအခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
Ref: ST
MWD
