ကွပ်မျက်မှုများသည် ပြည်သူတို့၏ တရားဝင်တောင်းဆိုချက်များကို ထင်ဟပ်နေကြောင်း အီရန် တရားသူကြီးချုပ် ပြောကြား
အီရန်နိုင်ငံ၏ တရားစီရင်ရေးကဏ္ဍ အကြီးအကဲဖြစ်ပြီး အတိုက်အခံများကို နှိမ်နင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော သဘောထား တင်းမာသူ ဂိုလမ်ဟိုစိန် မိုဆန်နီ အီဂျေယီ (Gholamhossein Mohseni Ejei) က နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့် ကွပ်မျက်မှု များသည် ‘ပြည်သူတို့၏ တရားဝင်တောင်းဆိုချက်များ’ ကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အဆို အရ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် လွန်ခဲ့သောနှစ်လကျော်ကတည်းက အီရန်တွင် လူပေါင်း အနည်းဆုံး ၂၁ ဦးကို ကွပ်မျက်ခဲ့ပြီး ၄,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်ကာ တာ့ခ် (Volker Türk) က အဆိုပါ အရေးယူဆောင်ရွက်မှုများသည် အီရန်ပြည်သူတို့၏ အခွင့်အရေးများကို ပြင်းထန်ရက်စက်သည့် နည်းလမ်းများဖြင့် နှိမ့်ချဖျက်ဆီးနေခြင်းဖြစ်ကြောင်း သတ်မှတ်ကာ ဝေဖန်ခဲ့သည်။
ယင်းအပေါ် တုံ့ပြန်ရာတွင် အီဂျေယီက “မိမိတို့ ပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ ဘယ်လို ရာဇဝတ်ကောင်ကိုမဆို တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူတဲ့နေရာမှာ အီရန်တရားစီရင်ရေးအဖွဲ့အနေနဲ့ ပေါ့ဆမှု ဒါမှမဟုတ် လျှော့ပေါ့ပေးမှုတွေ လုံးဝရှိမှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “မောက်မာတဲ့ အင်အားကြီးနိုင်ငံတွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိရေးဌာနတွေရဲ့ ပြောဆိုချက်တွေကို မိမိတို့ ဂရုမစိုက်ပါ” ဟုလည်း ဆိုသည်။
ယခုနောက်ဆုံးဖြစ်ပွားနေသည့် ကွပ်မျက်မှုများသည် ယခုနှစ် အစောပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူထောင်ပေါင်းများစွာကို အီရန် လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ပြင်းထန်ရက်စက်သော နှိမ်နင်းမှုများအပြီး လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
