အမေရိကန်၏ အဆိုပြုချက်အပေါ် အီရန်က အချက် ၁၄ ချက်ပါဝင်သော တုံ့ပြန်ချက်တစ်ရပ် တင်သွင်း
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်နေသော Tasnim သတင်းဌာန၏ စနေနေ့ (မေ ၂) ဖော်ပြချက်အရ အီရန်နိုင်ငံ သည် အမေရိကန်က ကမ်းလှမ်းထားသော အဆိုပြုချက်အပေါ် အချက် ၁၄ ချက် ပါဝင်သည့် တုံ့ပြန်ချက်တစ်ရပ်ကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။ အီရန်၏ အဆိုပြုလွှာကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် ကြားခံပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုအဆိုပြုချက်တွင် "လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲများရပ်စဲရန်" တောင်းဆိုထားကြောင်း Tasnim က ဖော်ပြခဲ့သည်။
အမေရိကန်ဘက်မှ နှစ်လကြာ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့သော်လည်း အီရန်ဘက်ကမူ ကိစ္စရပ်များကို ရက်ပေါင်း ၃၀ အတွင်း အပြီးသတ်ဖြေရှင်းသင့်သည်ဟု ယုံကြည်နေပြီး ဆွေးနွေးမှုများသည် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်ထက် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ရေးအပေါ်တွင်သာ အာရုံစိုက်သင့်ကြောင်း ဖော်ပြထားသည်။
အီရန်အရာရှိများကမူ ထိုတုံ့ပြန်ချက်နှင့်ပတ်သက်၍ လူသိရှင်ကြား အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (မေ ၂) တွင် ပြောကြားရာ၌ ၎င်းအနေဖြင့် အဆိုပါ စီမံချက်ကို မကြာမီ ပြန်လည်သုံးသပ်မည်ဖြစ်သော်လည်း "လက်ခံနိုင်စရာဖြစ်လိမ့်မည်ဟု မထင်မိကြောင်း" ပြောဆိုခဲ့သည်။
ယခုတုံ့ပြန်ချက်သည် အမေရိကန်၏ အချက် ၉ ချက်ပါ အဆိုပြုချက်အပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး စစ်ရေးအရ ကျူးကျော်မှုများမပြုလုပ်ရန် အာမခံချက်ပေးရေးနှင့် အီရန်နိုင်ငံပတ်ဝန်းကျင်ရှိ ဒေသများမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရေး စသည့်အချက်များ ပါဝင်ကြောင်း Tasnim က ဆိုသည်။
ထို့အပြင် အဆိုပါတုံ့ပြန်ချက်၌ ထိန်းချုပ်ပိတ်ဆို့ခံထားရသော အီရန်ပိုင် ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန်၊ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် နှင့် ဟော်မုဇ်ရေလက်ကြားအတွက် ယန္တရားအသစ်တစ်ခုဖော်ဆောင်ရန် တောင်းဆိုချက်များလည်း ပါဝင်သည်။
အီရန်နိုင်ငံခြားရေးဒုဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ (Kazem Gharibabadi) က အီရန်၏ အဆိုပြုချက်သည် စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB သို့ ပြောကြား ခဲ့သည်။ ၎င်းက "အခုအချိန်မှာတော့ ရွေးချယ်ခွင့်ဟာ အမေရိကန်ဘက် ကို ရောက်နေပါပြီ ၊ ဒီပလိုမေစီလမ်းစဉ်ကို ရွေးမလား ဒါမှမဟုတ် ထိပ်တိုက်တွေ့တဲ့လမ်းစဉ်ကို ဆက်သွားမလားဆိုတာ သူတို့အပေါ်မှာပဲ မူတည် ပါတယ်" ဟု ပြောဆိုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
