Project Freedom စစ်ဆင်ရေးကို ရပ်တန့်ထားစဉ် အီရန်က ဟော်မုဇ်ရေလက်ကြားအတွက် စည်းမျဉ်းသစ်များ ထုတ်ပြန်လိုက်ကြောင်း မီဒီယာများ ဖော်ပြ
မဟာဗျူဟာမြောက် အချက်အချာကျသော ရေလမ်းကြောင်းနှင့်ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှုများ ဆက်ရှိနေစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာနေသည့် ရေကြောင်းသွားလာမှုများကို ကြီးကြပ်ကွပ်ကဲရန် ယန္တရားသစ်တစ်ခုကို အီရန်က တရားဝင် စတင် လိုက်ကြောင်း နိုင်ငံပိုင် Press TV က အင်္ဂါနေ့ (မေ ၅) တွင် သတင်းထုတ်ပြန်ခဲ့သည်။
အနောက်နိုင်ငံအလံတင် သင်္ဘောများကို ရေလက်ကြားအတွင်း စစ်တပ်က လိုက်ပါစောင့်ရှောက်ပေးသည့် ‘Project Freedom’ စစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စတင်ပြီးနှစ်ရက်အကြာတွင် မမျှော်လင့်ဘဲ ပြန်လည်ရပ်တန့်လိုက်ပြီးနောက် နာရီပိုင်းအတွင်း အီရန်၏ ယခု ခြေလှမ်းထွက်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာ့ရေကြောင်းရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကုန်သွယ်မှု ငါးပုံတစ်ပုံခန့် စီးဆင်းရာ ၎င်းရေလက်ကြားသည် ဖေဖော်ဝါရီလ နှောင်းပိုင်း တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန် အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးကတည်းက လက်တွေ့တွင် ပိတ်ဆို့ခြင်းခံထားရသည်။
အီရန်တပ်ဖွဲ့များသည် အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်နွှယ်နေသောသင်္ဘောများအပြင် တီဟီရန်အပေါ် အရေးယူမှုများကို ထောက်ခံသည့် အနောက်နိုင်ငံများမှ သင်္ဘောများကိုလည်း ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်။ တစ်ဖက်တွင်လည်း အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဝိုင်းရံပိတ်ဆို့ထားသဖြင့် ရေနံတင်သင်္ဘောများမှာ နှစ်လကျော်ကြာ သောင်တင်နေခဲ့သည်။
ဝါရှင်တန်နှင့် တီဟီရန်တို့သည် ရေလက်ကြား၏ အနာဂတ် အခြေအနေနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် အီရန်က နောက်ဆုံးတင်ပြခဲ့သည့် အုပ်ချုပ်မှုယန္တရားဆိုင်ရာ အဆိုပြုချက်ကို အမေရိကန်က ပယ်ချခဲ့ကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။
သတင်းဖော်ပြချက်များအရ အီရန်၏ စီမံချက်အသစ်အောက်တွင် ရေလက်ကြားကို ဖြတ်သန်းလိုသည့် သင်္ဘောများသည် အသစ်ဖွဲ့စည်းလိုက်သော "ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့" (Persian Gulf Strait Authority) ထံမှ ဖြတ်သန်းခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။ သင်္ဘောများအနေဖြင့် ဖြတ်သန်းခွင့်လက်မှတ် (Permit) ရရှိရန်အတွက် အီးမေးလ်တွင် တောင်းဆိုထားသည့်အတိုင်း လုပ်ငန်းဆောင်ရွက်မှုများကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ သို့သော် ခွင့်ပြုချက်ရရှိရန် လိုအပ်ချက်များမှာ မည်သည်တို့ ဖြစ်သည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။
တီဟီရန်အစိုးရက ထိုအသေးစိတ်အချက်အလက်များကို တရားဝင် အတည်ပြုခြင်းမရှိသေးသော်လည်း လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က "ဟော်မုဇ် ရေလက်ကြားအတွက် စနစ်သစ်သည် ခိုင်မာလာသည့်အဆင့်တွင် ရှိနေသည်" ဟု ၎င်း၏ X အကောင့်တွင် ရေးသားထားသည်။
အီရန်လွှတ်တော်အတွင်း တင်သွင်းမည့်ဥပဒေမူကြမ်းတွင်မူ အစ္စရေးနှင့် ဆက်နွှယ်သည့် သင်္ဘောများကို ရေလက်ကြားမှဖြတ်သန်းခွင့် လုံးဝ ပိတ်ပင်ရန်၊ အမေရိကန်နှင့်ဆက်နွှယ်သည့် သင်္ဘောများကို တင်းကျပ်စွာ ကန့်သတ်ရန်နှင့် အီရန်အပေါ် ရန်လိုခြင်းမရှိသည့်နိုင်ငံများမှ သင်္ဘော များထံမှ ဖြတ်သန်းခ (Transit Fees) ကောက်ခံရန် စသည့်အချက်များ ပါဝင်နေကြောင်း သတင်းများက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
