ဟော်မုဇ်ရေလက်ကြား စစ်ဆင်ရေးကို ထရမ့် ခေတ္တရပ်နားသော်လည်း အီရန် အပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောများကို အမေရိကန်စစ်တပ်က လိုက်ပါစောင့်ရှောက်ပေးသည့် "Project Freedom" စစ်ဆင်ရေးကို ခေတ္တရပ်နားလိုက်ကြောင်း Truth Social မှတစ်ဆင့် ရုတ်တရက်ကြေညာခဲ့သည်။
ယခုကဲ့သို့ ရပ်နားရခြင်းမှာ ပါကစ္စတန်အပါအဝင် အခြားနိုင်ငံများ၏ တောင်းဆိုချက်နှင့် အီရန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုတွင် တိုးတက်မှုများရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း အီရန် ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားမှုမှာမူ နောက်ဆုံး သဘောတူညီချက် မရရှိမချင်း အရှိန်အဟုန်မပျက် ဆက်လက်ရှိနေမည်ဟု ထရမ့် က အခိုင်အမာ ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမေရိကန် အစိုးရအဖွဲ့အတွင်း၌ပင် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ စစ်မက်ရေးရာဝန်ကြီး ပိဟက်ဆက်သည် ကြေညာချက် မထွက်မီ နာရီပိုင်းအလိုအထိ Project Freedom ၏ အောင်မြင်မှုကြောင့် အီရန်မှာအရှက်ရနေပြီး ကမ္ဘာတစ်ဝှမ်းမှ သင်္ဘောရာပေါင်းများစွာသည် အမေရိကန်၏ လမ်းပြစောင့်ရှောက်မှုကိုခံယူရန် တန်းစီနေကြကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။
အလားတူ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း မူလစစ်ဆင်ရေး (Epic Fury) ပြီးဆုံးပြီးနောက် အဆိုပါစီမံကိန်းအသစ်သို့ ကူးပြောင်းနေပြီ ဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများနောက်ပိုင်း တင်းမာမှု၏ ဗဟိုချက် ဖြစ်လာခဲ့သည်။ အမေရိကန်က ၎င်းတို့၏ မစ်ရှင်ကို နှောင့်ယှက်သည့် အီရန်ရေယာဉ်ငယ်များကို ဖျက်ဆီးခဲ့သည်ဟု ဆိုသော်လည်း အီရန် ဘက်ကမူ ယင်းကို ငြင်းဆိုကာ အမေရိကန်သင်္ဘောများအနီး သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီကလည်း Project Freedom သည် အကျပ်အတည်းဆိုက်နေသည့် စီမံကိန်းဖြစ်ကြောင်း လှောင်ပြောင်ခဲ့ပြီး အမေရိကန်အနေဖြင့် နွံအတွင်းပြန်မနစ်စေရန် သတိပေးခဲ့သည်။
လက်ရှိတွင် နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ သင်္ဘောစောင့်ရှောက်ရေးလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ထားခြင်းမှာ ဆွေးနွေးညှိနှိုင်းသူများအနေဖြင့် ပြီးပြည့်စုံပြီး နောက်ဆုံးသဘောတူညီချက်တစ်ရပ်ရရှိနိုင်ရန် အချိန်ပေးသည့်အနေဖြင့် ရည်ရွယ်ခြင်းဖြစ်ကြောင်း သမ္မတ ထရမ့်က ရှင်းလင်းပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
