ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားခဲ့သည့် အပျော်စီးသင်္ဘောအား အာဖရိက ရေပိုင်နက်အတွင်းမှ ထွက်ခွာခွင့်ပြု

News Image

  • ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားခဲ့သည့် အပျော်စီးသင်္ဘောအား အာဖရိက ရေပိုင်နက်အတွင်းမှ ထွက်ခွာခွင့်ပြု

သံသယဖြစ်ဖွယ် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့သည့် အပျော်စီးသင်္ဘောအား ဆိပ်ကမ်းကပ်ခွင့်ပြုလိုက်ပြီ ဖြစ်ရာ စပိန်နိုင်ငံ၊ ကနေရီကျွန်းစု (Canary Islands) သို့ ဦးတည် ထွက်ခွာတော့မည်ဖြစ်ကြောင်း စပိန်အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

အင်္ဂါနေ့ (မေ ၅) က ထုတ်ပြန်ခဲ့သည့် မက်ဒရစ်အစိုးရ၏  ထုတ်ပြန်ချက်အရ ထိုလုပ်ဆောင်ချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆိုချက်အရ ဥရောပသမဂ္ဂ (EU) နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်္ဘောသည် လက်ရှိတွင် ကိပ်ဗာဒီ (Cape Verde) ကျွန်းစုအနီးတွင် ရောက်ရှိနေသော်လည်း ကိပ်ဗာဒီနိုင်ငံအနေဖြင့် ထိုကဲ့သို့သော အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိသည့်အတွက် ကနေရီကျွန်းစုသည် လိုအပ်သော စွမ်းဆောင်ရည်ရှိသည့် အနီးဆုံးနေရာဖြစ်ကြောင်း စပိန် အစိုးရက ဆိုသည်။

ဒတ်ချ်အလံလွှင့်ထူထားသော MV Hondius သင်္ဘောသည် မတ်လအတွင်းက အာဂျင်တီးနားနိုင်ငံ၊ အူရူဝါယာ (Ushuaia) မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး အန္တာတိတ်ဒေသ၊ ဖော့ကလန်ကျွန်းစု (Falkland Islands) နှင့် အခြားနေရာများသို့ ဝင်ရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း လူအများအပြား နေမကောင်းဖြစ်ပွားခဲ့ပြီးနောက် ကိပ်ဗာဒီကျွန်းစုအနီးတွင် ကျောက်ချရပ်နားထားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သင်္ဘောပေါ်တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသည်နှင့် သင်္ဘောသား စုစုပေါင်း ၁၄၇ ဦး လိုက်ပါလာကြောင်း သိရှိရသည်။

“ဧပြီလ ၁ ရက်နေ့ သင်္ဘောစတင်ထွက်ခွာချိန်ကစပြီး လူပေါင်း ၁၄၇ ဦး အနက် ၇ ဦး နေမကောင်းဖြစ်ခဲ့ပါတယ်၊ အဲဒီအထဲမှာ ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေကာ ကျန်တဲ့ ၃ ဦးကတော့ ရောဂါလက္ခဏာအနည်းငယ်ပဲ ပြသနေပါတယ်” ဟု WHO က ပြောကြားခဲ့သည်။

ဟန်တာဗိုင်းရပ်စ် ပျံ့နှံ့ပုံနှင့်ပတ်သက်သော လက်ရှိသတင်းအချက်အလက်များအရ ထိုကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာလူဦးရေအပေါ် ရိုက်ခတ်နိုင်ခြေ အန္တရာယ်နည်းပါးကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့က ဆိုပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး