အစ္စရေး၏ နျူကလီးယား လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် ဒီမိုကရက်များက ထရမ့်အား တိုက်တွန်း
အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်တစ် အမတ် ၃၀ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအနေဖြင့် အစ္စရေး၏ နျူကလီးယားလက်နက်တိုက်နှင့် သက်ဆိုင်ရာမူဝါဒများကို ထုတ်ဖော်ကြေညာရန် တောင်းဆိုလိုက်ကြသည်။ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း အဆိုပါ အမတ်များက အကြောင်းပြချက်ပေးထားသည်။
အစ္စရေးနိုင်ငံသည် ၎င်းတို့တွင် နျူကလီးယားလက်နက် ရှိသည်၊ မရှိသည် ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိ သကဲ့သို့ အဆိုပါလက်နက်များကို အသုံးပြုလာနိုင်သည့်အခြေအနေ သို့မဟုတ် နောက်ဆုံးသတ်မှတ်ချက် (Red lines) များနှင့်ပတ်သက်သော မူဝါဒများကိုလည်း လူသိရှင်ကြားတင်ပြထားခြင်း မရှိပေ။ အမေရိကန် သည် ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းကတည်းက အစ္စရေး၏ နျူကလီးယား အစီအစဉ်ကို သိရှိထားသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့ထက်တိုင် နှုတ်ဆိတ်နေခဲ့သည်။
ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုအာကင် ကက်စထရို (Joaquin Castro) ဦးဆောင်သော ကွန်ဂရက်လွှတ်တော် အမတ်များသည် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ထံသို့ ပေးပို့သောစာတွင်"အမေရိကန် အစိုးရအနေဖြင့် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆိုထားသော နျူကလီးယားလက်နက် အစီအစဉ်ရှိသည့် နိုင်ငံတစ်နိုင်ငံနှင့်ယှဉ်တွဲကာ တိုက်ပွဲဝင်နေရသည်" ဟု ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့၏စာတွင် "ယခုကဲ့သို့သော ပတ်ဝန်းကျင်တွင် အခြေအနေကို မှားယွင်းတွက်ချက်မိခြင်း၊ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နျူကလီးယား အသုံးပြုမိနိုင်သည့် အန္တရာယ်များသည် စာအုပ်ကြီးထဲက သီအိုရီသက်သက် မဟုတ်တော့ပါ" ဟု သတိပေးရေးသားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
