လူငယ်များကြား ကင်ဆာဖြစ်ပွားနှုန်းမြင့်တက်မှုက အသင့်စားအစားအစာဓာတုပစ္စည်းများနှင့် ဆက်စပ်နိုင်
လန်ဒန် မေ ၅
လူငယ်များကြား အသက်အန္တရာယ်ကြီးမားသော ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုတွင် အသင့်စား အစားအစာများ၌ပါဝင်သော ဓာတုပစ္စည်းများ၊ အဝတ်အထည်နှင့် မီးဖိုချောင်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစ္စည်းများနှင့် ဆက်စပ်နေနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၄ ရက် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အသက် ၂၀ နှင့် ၄၉ နှစ် ကြား လူငယ်များကြား ကင်ဆာရောဂါ ၁၁ မျိုးဖြစ်ပွားမှုမြင့်တက်လာခဲ့ရာ ဆေးပညာရှင်များက အဖြေရှာရန် ကြိုးပမ်းခဲ့ရသည်။
အဆိုပါ ကင်ဆာရောဂါများထဲတွင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ်ကင်ဆာရောဂါများလည်း ပါဝင်သည်။
ဗြိတိန် သုတေသနပညာရှင်များ၏ လေ့လာချက်အရ အသက် ၅၀ အောက် လူငယ်များကြား အထက်ပါ ကင်ဆာရောဂါများ ဖြစ်ပွားမှုနှုန်းမြင့်တက်လာမှုသည် အသင့်စားအစားအစာများထဲတွင်ပါဝင်သည့် ဓာတုပစ္စည်းများ၊ အဝတ်အထည်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၌ပါဝင်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်နေနိုင်သည်။
အသက် ၅၀ အောက် လူငယ်များကြား အထက်ပါ ကင်ဆာရောဂါများဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုသည် အဝလွန်မှုပြဿနာနှင့်သာမက အလွန်အကျွံပြုပြင် စီရင်ထားသော အစားအစာများ၌ ပါဝင်သည့် ဓာတုပစ္စည်းများနှင့်လည်း ဆက်စပ်နေကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။
ရတနာပုံ
