အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း နှစ်ပွဲဆက်အရေးနိမ့်
ရန်ကုန် မေ ၄
၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ အုပ်စု(A) ဒုတိယနေ့ကို မေ ၄ ရက်တွင် တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သဖြင့် နှစ်ပွဲဆက် အရေးနိမ့်ခဲ့သည်။
မြန်မာအသင်း၏ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲဖြစ်သော်လည်း ထိုင်းကိုအရေးနိမ့်ခဲ့သဖြင့် ရုန်းကန်ရတော့မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပနေသည့်ပုံစံအရ အုပ်စုသုံးခုမှ တတိယနေရာရသည့်သုံးသင်းအနက် အကောင်းဆုံးနှစ်သင်း နောက်တစ်ဆင့်တက်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာအသင်း၏ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အဆုံးမသတ်သေးသော်လည်း နောက်ဆုံးပွဲတွင် ဗီယက်နမ်ကို အနိုင်ရမှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသူ ကုမီကိုသည် တရုတ်နှင့် ကစားသည့် ပထမပွဲမှ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်ခဲ့ပြီး ဆောင်းပွင့်ဖြူ (ဂိုး)၊ သဲအိလှိုင်၊ ချစ်ပွင့်အောင်၊ ပင်မြင့်ယံ၊ မင်ထုန်မေဇီတာ၊ ဆောင်းသဇင်ဦး၊ ရှင်းသန့်ဖြူစင်ပြုံး၊ သော်တာနှင်း၊ အယ်အယ်ဆိုင်းလွှာနန်း၊ ခိုင်ဇင်မြင့်၊ သက်သက်ဝေတို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ထိုင်းကို အပြန်အလှန်ကစားနိုင်သော်လည်း ရရှိသည့်အခွင့်အရေးများ အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။ ထိုင်းအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၂၄ မိနစ်တွင် မီရီကတ်က သွင်းယူခဲ့သည်။
အုပ်စု(A) အခြားပွဲတွင် အိမ်ရှင်တရုတ်အသင်းက ဗီယက်နမ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ အစောဆုံး တက်ရောက်ခဲ့သည်။ အုပ်စု(A) တွင် အိမ်ရှင်တရုတ်အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ရထားပြီး ထိုင်းအသင်းက လေးမှတ်၊ ဗီယက်နမ်အသင်းက တစ်မှတ်၊ မြန်မာအသင်းက အမှတ်မရသေးပေ။ အုပ်စုနောက်ဆုံးပွဲအဖြစ် မေ ၇ ရက်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ တရုတ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF
MDN
