AI Gigafactories များအတွက် ယူရို ၂၀ ဘီလီယံကျော် သုံးစွဲမည့် EU ၏ အစီအစဉ်အပေါ် ဝေဖန်မှုများ ထွက်ပေါ်
ဥရောပကော်မရှင်သည် အမေရိကန်၏ နည်းပညာအသာစီးရမှုကို တုံ့ပြန်ရန်နှင့် ဥရောပ၏ Computing Sovereignty ကို ထိန်းသိမ်းရန် အတွက် ယူရို ၂၀ ဘီလီယံကျော် အကုန်အကျခံကာ AI Gigafactories ကြီးများ တည်ဆောက်ရန် အစီအစဉ်သည် တရားဝင်မစတင်မီမှာပင် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော်လည်း အဆိုပါ စီမံကိန်းသည် တရားဝင်မစတင်မီမှာပင် ဥပဒေပြုအမတ်များနှင့် ကျွမ်းကျင်သူများ၏မေးခွန်းထုတ်ခြင်းကိုခံနေရပြီး ၎င်းတို့က ထိုမျှကြီးမားသော အဆောက်အအုံများအတွက် အမှန်တကယ်အသုံးပြုမည့်သူ (Demand) ရှိ၊ မရှိကို သံသယဖြစ်နေကြသည်။ ဥရောပ ပါလီမန်အမတ် Sergey Lagodinsky က အဆိုပါစီမံကိန်း၏ စီးပွားရေးတွက်ခြေကိုက်မှုကို မည်သူကမျှ ရှင်းမပြနိုင်ကြောင်း ဝေဖန်ခဲ့သကဲ့သို့ သုတေသနပညာရှင် Nicoleta Kyosovska ကလည်း ဥရောပတွင် Mistral ကဲ့သို့ ကုမ္ပဏီတစ်ခုတည်းသာ အင်အားရှိသဖြင့် ထိုစီမံကိန်းမှာ "သဲကန္တာရအတွင်းမှ ဘုရားကျောင်းကြီးများ" ကဲ့သို့ အသုံးမဝင်ဘဲ ခမ်းနားနေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ကမ္ဘာတစ်ဝန်းရှိ နည်းပညာကုမ္ပဏီကြီးများဖြစ်သော Alphabet ၊ Amazon နှင့် Microsoft တို့က AI အတွက် ဒေါ်လာ ၇၂၅ ဘီလီယံအထိ သုံးစွဲရန် ပြင်ဆင်နေကြခြင်းသည် "သမိုင်းတစ်လျှောက် အကြီးမားဆုံးအရင်းအနှီး အလွဲသုံးစားမှု" ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးနေကြသည်။
အထူးသဖြင့် AI လုပ်ငန်းအများစုမှာ အကျိုးအမြတ်မရရှိသေးဘဲ အလွန်အကျွံ ရင်းနှီးမြှုပ်နှံနေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ် (Chip) နှင့် RAM ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းမှာ စားသုံးသူများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေလျက်ရှိသည်။ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ Jatin K Malik ကမူ လက်ရှိ AI ရေပန်းစားမှုသည် တကယ်တမ်းမရှိသေးသောလိုအပ်ချက်နှင့် မဖြစ်နိုင်သောအမြတ်အစွန်းများအပေါ် အခြေခံကာ တည်ဆောက်ထားသည့် အခြေအနေဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
