Palantir ကုမ္ပဏီ စံချိန်တင်အောင်မြင်မှုနှင့်အတူ စစ်မြေပြင်သုံး AI နည်းပညာကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာ

News Image

  • Palantir ကုမ္ပဏီ စံချိန်တင်အောင်မြင်မှုနှင့်အတူ စစ်မြေပြင်သုံး AI နည်းပညာကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာ

အမေရိကန်အခြေစိုက် ဒေတာနှင့် AI ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးဖြစ်သော Palantir Technologies သည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဝင်ငွေ ၁.၆၃ ဘီလီယံဒေါ်လာ အထိ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၈၅ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးတက်လာကြောင်း ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အမေရိကန်ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကဏ္ဍနှစ်ခုလုံးမှ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဝင်ငွေမှာ ခန့်မှန်းချက်ထက် ကျော်လွန်ခဲ့ပြီး ၂၀၂၆ ခုနှစ် တစ်နှစ်စာ ဝင်ငွေမှာ ၇.၆၆ ဘီလီယံ ဒေါ်လာ အထိ ရှိလာနိုင်ကြောင်း ကုမ္ပဏီက မျှော်မှန်းထားသည်။

ကုမ္ပဏီ၏ CEO ဖြစ်သူ Alex Karp က ယခုကဲ့သို့အောင်မြင်မှုရရှိခြင်းမှာ ၎င်းတို့၏ AI နည်းပညာများသည် အနောက်နိုင်ငံများ၏ စစ်ရေးနှင့် စက်မှု အင်အားအတွက် အဓိကကျသော အစိတ်အပိုင်းဖြစ်လာခြင်းကြောင့်ဟု ဆိုသည်။ ၎င်းက စစ်မြေပြင်တွင် အမှန်တကယ်အသုံးဝင်သော AI လုပ်ငန်းစဉ်အားလုံးနီးပါးမှာ Palantir ပေါ်တွင် အခြေခံထားကြောင်းနှင့် ကုမ္ပဏီ၏ ရည်မှန်းချက်မှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန် ဖြစ်ကြောင်း ရှယ်ယာရှင်များထံ အလေးအနက် ပြောကြားခဲ့သည်။

Palantir ၏ အဓိကနည်းပညာများဖြစ်သော Gotham နှင့် MOSAIC စနစ်များသည် ဂြိုဟ်တုဓာတ်ပုံများ၊ ထောက်လှမ်းရေးဒေတာများနှင့် ဒစ်ဂျစ်တယ် အချက်အလက်များကိုအသုံးပြု၍ စစ်ရေးအရ တိုက်ခိုက်မှုများအတွက် တိကျသောပစ်မှတ်များကို AI စနစ်ဖြင့် ဖော်ထုတ်ပေးလျက်ရှိသည်။ လက်ရှိတွင် ယင်းနည်းပညာများကို အမေရိကန်စစ်တပ်အပြင် ဗြိတိန်၊ အစ္စရေးနှင့် ယူကရိန်းတပ်ဖွဲ့များကလည်း လက်တွေ့အသုံးပြုနေကြသည်။

သို့သော်လည်း ကုမ္ပဏီ၏အယူအဆအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။ CEO Karp က နည်းပညာကုမ္ပဏီများသည် နိုင်ငံတော် ကာကွယ်ရေးတွင်ပါဝင်ရန် တာဝန်ရှိကြောင်းနှင့် AI လက်နက်များသည် ရှောင်လွှဲ၍မရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ဝေဖန်သူများက ယင်းကို "နည်းပညာအခြေပြု ဖက်ဆစ်ဝါဒ" (Technofascism) ဟု ခေါ်ဆိုကာ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး