မြောက်ကိုရီးယားက ကိုယ်ပိုင်နည်းပညာအသုံးပြု စမတ်ဖုန်းအသစ်များကို ထုတ်ဖော်ပြသ
မြောက်ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ကုန်စည်ပြပွဲတွင် ၎င်းတို့ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် Jindallae စမတ်ဖုန်းများကို ထုတ်ဖော်ပြသလျက်ရှိကြောင်း သိရသည်။
ရုရှားနှင့် တရုတ်တို့အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၉၀ ကျော် ပါဝင်သည့် နိုင်ငံတကာကုန်စည်ပြပွဲကို မေလ ၄ ရက်တွင် စတင်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များနှင့် ကုမ္ပဏီများစွာ တက်ရောက်ခဲ့သည်။
ကိုရီးယားဘာသာဖြင့် “နှင်းဆီပန်း” ဟု အဓိပ္ပာယ်ရသည့် Jindallae စမတ်ဖုန်းများကို အရောင်အသွေးစုံစွာ ထုတ်လုပ်ထားပြီး မှန်ဘီလူးအများအပြား ပါဝင်သည့် စက်ဝိုင်းပုံ ကင်မရာစနစ်ကို အသုံးပြုထားသည်။ ထိုဖုန်းများကို ပြည်တွင်းကွန်ရက်မှတစ်ဆင့် ဆက်သွယ်နိုင်ရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယား၏ ကုန်ထုတ်လုပ်မှုအခြေအနေအရ အရည်အသွေးမြင့် နည်းပညာပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းကိုမူ ကျွမ်းကျင်သူများက သံသယရှိနေသည်။
၂၀၁၇ ခုနှစ်တွင် ပထမဆုံး စတင်မိတ်ဆက်ခဲ့သည့် အဆိုပါဖုန်းအမှတ်တံဆိပ်၏ ယခုပြသထားသော နောက်ဆုံးပေါ်မော်ဒယ်မှာ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့သည့် အမျိုးအစားနှင့် ဆင်တူနေကြောင်း တောင်ကိုရီးယား၏ Yonhap သတင်းဌာနက ဖော်ပြထားသည်။
Ref: ST
MWD
