၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တက်ရောက်
နေပြည်တော် မေ ၇
၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင်လူရည် ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ညောင်ရွှေမြို့ အင်းလေး ခေါင်တိုင်လူရည်ချွန်စခန်း၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လူရည်ချွန်စခန်းဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို HUPIN ဟိုတယ်ခန်းမ၌ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ဝန်ကြီးဌာနက ပံ့ပိုးပေးမည်ဖြစ်ရာ လူရည်ချွန်မောင်မယ်များ အနေဖြင့် နိုင်ငံတော်၏ပံ့ပိုးမှုနှင့်အတူ ထူးချွန်ပြောင်မြောက်သော ကျွမ်းကျင်ပညာရှင်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏တာဝန်ဝတ္တရားများ ကျေပွန်စွာထမ်းဆောင်ပြီး ပညာနှင့်နိုင်ငံတော်၏ ပုံရိပ်ကိုဖန်တီးကာ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က လူရည်ချွန်မောင်မယ်များကို ရင်ထိုးတံဆိပ်များပေးအပ်သည်။
ထို့နောက် တောင်ကြီးဒေသရှိ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများက လူရည်ချွန် မောင်မယ် ၁၃၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ငွေကျပ် ၂၆၄ သိန်းကို ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများကိုယ်စား ပြည်နယ်လူမှုရေးရာ ဝန်ကြီးက လူရည်ချွန် မောင်မယ်များအားလုံး၏ ကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီး၊ ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
ဆက်လက်၍ ညောင်ရွှေမြို့နယ် ကေလာရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိကာ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကြောင်း သိရသည်။
MWD
