ထိုင်း-ကမ္ဘောဒီးယား ပိုင်နက်အငြင်းပွားမှုဖြေရှင်းရန် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ (UNCLOS) ကို ကျင့်သုံးမည်

News Image

  • ထိုင်း-ကမ္ဘောဒီးယား ပိုင်နက်အငြင်းပွားမှု ဖြေရှင်းရန် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ (UNCLOS) ကို ကျင့်သုံးမည်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေဆိုင်ရာသဘောတူညီချက် (UNCLOS) အရ မဖြစ်မနေစေ့စပ်ညှိနှိုင်းရေး မူကို ကျင့်သုံးမည်ဟု ကြေညာခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည် နှစ်နိုင်ငံစလုံး၏ပိုင်ဆိုင်မှုတွင် ပါဝင်နေသော ပင်လယ်ပြင်ပိုင်နက် အရေးဆိုမှုများကို ဖြေရှင်းရန် တူညီသောဥပဒေမူဘောင်အောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ်က ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် အနုတင်သည် ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့ (မေ ၅) တွင် ကမ္ဘောဒီးယားနှင့် ချုပ်ဆိုထားသည့် "MoU 44" ဟု လူသိများသော ၂၀၀၁ ခုနှစ် ပင်လယ်ပြင်ပိုင်နက် ထပ်တူပါဝင်နေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုပယ်ဖျက်ရန် အတည်ပြုခဲ့ ပြီးနောက် ဝန်ကြီးချုပ် ဟွန်မာနက်၏ လုပ်ဆောင်ချက်အပေါ် မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ MoU ကို ပယ်ဖျက်လိုက်ခြင်းသည် ယခင်က မတူညီသော မူဘောင်များဖြင့် ဆောင်ရွက်ခဲ့ရသည်နှင့်မတူဘဲ ယခုအခါ နှစ်နိုင်ငံစလုံး တူညီသော စည်းမျဉ်းများအောက်တွင် လုပ်ဆောင်နိုင်စေရန် သေချာစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ MoU 44 အသက်မဝင်တော့သည့်အတွက် ရှေ့ဆက်မည့် ဆွေးနွေးမှုများတွင် လမ်းညွှန်ချက်အသစ်များ လိုအပ်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ကာဆွေးနွေးညှိနှိုင်းရန် အချိန်ရှိသေးကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ Panitan Wattanayagorn ကမူ ယန္တရားအသစ်သည် နှစ်နိုင်ငံစလုံးကို တူညီသော နိုင်ငံတကာဥပဒေမူဘောင်အောက်သို့ ရောက်ရှိစေသော်လည်း ဆွေးနွေးမှုများကို နှစ်နိုင်ငံချင်း (Bilateral) ပုံစံမှ သွေဖည်သွားစေနိုင်ပြီး နိုင်ငံတကာမဟာမိတ်ခိုင်မာမှုရှိသည့် ကမ္ဘောဒီးယားဘက်သို့ အသာစီးရသွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ "MoU 44 မရှိတော့တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ဆွေးနွေးမှုတွေအတွက် မူဘောင်အသစ်တွေကို တည်ဆောက်ရပါမယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါစာချွန်လွှာ ပယ်ဖျက်လိုက်ခြင်းသည် "ပန်ဒိုရာသေတ္တာ" (Pandora's box) ကို ဖွင့်လိုက်သကဲ့သို့ဖြစ်ပြီး အငြင်းပွားဖွယ် ပင်လယ်ပြင် ဇုန်များအတွင်း ဂျပန်၊ အမေရိကန်၊ ပြင်သစ်နှင့် အိန္ဒိယအပါအဝင် နိုင်ငံများကိုပေးထားသည့် လုပ်ပိုင်ခွင့် (Concessions) များ ထပ်နေမှုက ကိစ္စရပ်များကို ပိုမိုရှုပ်ထွေးစေနိုင်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ရှင်းလင်းသော နှစ်နိုင်ငံမူဘောင်မရှိပါက လုပ်ပိုင်ခွင့်ဧရိယာများအပေါ် ပဋိပက္ခများမြင့်တက်လာနိုင်ပြီး အငြင်းပွားနေသော နေရာများကို စစ်ရေးအရအကာအကွယ်ပေးရသည့် အခြေအနေအထိ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

Phnom Penh Post သတင်းဌာန၏ ဖော်ပြချက်အရ ဟွန်မာနက်သည် ထိုင်းနိုင်ငံက MoU ကို ပယ်ဖျက်ရန် အတည်ပြုပြီးနောက်တွင် ယခု ခြေလှမ်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေ (UNCLOS) အဖွဲ့ဝင်များဖြစ်ကြပြီး အဆိုပါဥပဒေသည် နှစ်နိုင်ငံသဘောတူညီချက်များ မရှိသည့်တိုင်အောင် သမားရိုးကျနိုင်ငံတကာဥပဒေများနှင့် ခေတ်သစ်ဥပဒေယန္တရားများကို ပေါင်းစပ်ကာ သမုဒ္ဒရာစီမံအုပ်ချုပ်မှုအတွက် ဘက်စုံဥပဒေမူဘောင်ကို ပံ့ပိုးပေးထားသည်။

ဟွန်မာနက်က အဆိုပါသဘောတူညီချက်အရ တည်ထောင်ထားသည့် စေ့စပ်ညှိနှိုင်းရေးယန္တရားသည် အမှုများကိုစစ်ဆေးကာ နိုင်ငံတကာဥပဒေ နှင့်အညီ အကြံပြုချက်များ ထုတ်ပြန်ပေးနိုင်သည့် လွတ်လပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ UNCLOS ၏ နောက်ဆက်တွဲ အခန်း ၅ ၊ ပုဒ်မ ၂ အရ နယ်နိမိတ်မျဉ်းများ ၊ ငါးဖမ်းလုပ်ငန်း သို့မဟုတ် သိပ္ပံနည်းကျသုတေသနဆိုင်ရာ အငြင်းပွားမှုများကို ညှိနှိုင်း၍မရနိုင်ပါက မဖြစ်မနေစေ့စပ်ညှိနှိုင်းရေး (Compulsory Conciliation) ကို တစ်ဖက်သတ် စတင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး