ဗြိတိန်ရွေးကောက်ပွဲတွင် လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်၊ ဝန်ကြီးချုပ် ကီယာစတာမာ ရာထူးမှနုတ်ထွက်ရန် ငြင်းဆန်

News Image

  • ဗြိတိန်ရွေးကောက်ပွဲတွင် လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်၊ ဝန်ကြီးချုပ် ကီယာစတာမာ ရာထူးမှနုတ်ထွက်ရန် ငြင်းဆန်

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ လေဘာပါတီသည် ပြီးခဲ့သည့် ကြာသပတေးနေ့ (မေ ၇) က ကျင်းပခဲ့သော အင်္ဂလန်၊ စကော့တလန်နှင့် ဝေလပြည်နယ် ရွေးကောက်ပွဲများတွင် မမျှော်လင့်ထားဘဲ အပြတ်အသတ် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ထွက်ပေါ်လာသော ရလဒ်များအရ လေဘာပါတီသည် အင်္ဂလန်နိုင်ငံ တစ်ဝှမ်းရှိ ဒေသန္တရကောင်စီ အမတ်နေရာ ၁,၃၀၀ ကျော် ဆုံးရှုံးခဲ့ရုံသာမက ဝေးလ်စ်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် အမတ်နေရာ ရှုံးနိမ့်ခဲ့ သည်အထိ ယခုရာစုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝေးလ်စ်ပြည်နယ်အပေါ် ထိန်းချုပ်နိုင်စွမ်းကိုပါ လက်လွှတ်ခဲ့ရသည်။ အလားတူပင် အဓိက အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီသည်လည်း အမတ်နေရာ ရာနှင့်ချီ ဆုံးရှုံးခဲ့သဖြင့် ဗြိတိန်၏ ရိုးရာနှစ်ပါတီစနစ်မှာ သိသိသာသာယိုင်နဲ့သွား ခဲ့သည်။

ယခုရွေးကောက်ပွဲတွင် နိုင်ဂျယ် ဖာရေ့ဂျ်၏ Reform UK ပါတီက အင်္ဂလန်တွင် အမတ်နေရာ ၁,၂၀၀ ကျော် အနိုင်ရရှိကာ အကြီးမားဆုံး အောင်ပွဲခံနိုင်ခဲ့သကဲ့သို့ ဂရင်းပါတီ (Green Party) သည်လည်း အစိုးရ၏ ခြွေတာရေးမူဝါဒနှင့် အစ္စရေးအပေါ်ထောက်ခံမှုတို့ကို မကျေနပ်သည့် လေဘာမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ Reform UK ပါတီ ခေါင်းဆောင် ဖာရေ့ဂျ်က “လေဘာပါတီမှာ သုတ်သင်ဖယ်ရှားခြင်း ခံလိုက် ရပြီ ဖြစ်ပြီး ဗြိတိန်နိုင်ငံရေးအခင်းအကျင်းမှာလည်း တစ်ခေတ်ဆန်း သွားပြီဖြစ်ကြောင်း” မှတ်ချက်ပြုခဲ့သည်။

ထိုသို့ ပါတီတွင်းနှင့် အပြင်မှဝေဖန်တိုက်ခိုက်မှုများ၊ နုတ်ထွက်ရန် တောင်းဆိုမှုများ ပြင်းထန်နေသော်လည်း ဝန်ကြီးချုပ် ကီယာ စတာမာ ကမူ လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်သွားမည် ဖြစ်သော်လည်း ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုထားသည်။ ၎င်းက မိမိအနေဖြင့် တာဝန်မှစွန့်ခွာသွားခြင်းဖြင့် နိုင်ငံကို မငြိမ်မသက်မှုများအတွင်းသို့ တွန်းပို့မည်မဟုတ်ကြောင်း ပြောကြားထားသဖြင့် ဗြိတိန် နိုင်ငံရေး အပြောင်းအလဲမှာ ယခုရက်ပိုင်းအတွင်း ဆက်လက် အရှိန်မြင့်နေဦးမည် ဖြစ်သည်။

ကိုးကား - RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး