ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ခံဝန်ဖြင့်လွှတ်ပေးမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ဆန္ဒပြသူများ တောင်းဆို
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအား ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးရန် စီစဉ်နေသည့်လုပ်ငန်းစဉ်များအပေါ် ကန့်ကွက်သည့်အနေဖြင့် ‘ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပြည်သူ-ကျောင်းသား ကွန်ရက် (KPT)’ က တရားရေးဝန်ကြီးဌာနသို့ ကြာသပတေးနေ့ (မေ ၇) တွင် အသနားခံစာ တင်သွင်းခဲ့သည်။ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ပီချစ် ချိုင်မွန်ကောသည် အဆိုပါ အသနားခံစာကို ချန်းဝပ်သနာရှိ ဝန်ကြီးဌာနရုံးချုပ်သို့ သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းဦးစီးဌာနအနေဖြင့် ဥပဒေကို အဓိပ္ပာယ်ကောက်လွဲနေကြောင်းနှင့် သက်ဆင် ရဲဆေးရုံ၌ ဆေးကုသမှုခံယူခဲ့သည့် ကိစ္စနှင့်ပတ်သက်သော တရားလွှတ်တော်ချုပ်၏ တွေ့ရှိချက်များကို လျစ်လျူရှုထားကြောင်း စွပ်စွဲထားသည်။
KPT အဖွဲ့၏ ထောက်ပြချက်အရ အကျဉ်းဦးစီးဌာနသည် သက်ဆင်အား ခံဝန်ရပိုင်ခွင့်ရှိသူအဖြစ် သတ်မှတ်ရာတွင် ရာဇသတ်ကြီးပုဒ်မများကိုမှားယွင်းကိုးကားထားကြောင်း၊ အဓိကအားဖြင့် ထိန်းသိမ်းခံထားရစဉ်အတွင်း စည်းကမ်းဖောက်ဖျက်မှု ရှိ၊ မရှိကိုသာ အလေးထားသင့်ကြောင်း ဆိုသည်။ ထို့အပြင် သက်ဆင်အား အကျဉ်းထောင်ပြင်ပတွင် ဆေးကုသခွင့်ပြုခဲ့ခြင်းမှာ ဥပဒေနှင့်မညီဘဲ ၎င်း၏ ကျန်းမာရေးမှာလည်း စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်း တရားရုံးကတွေ့ရှိထားသည်ဟု အဆိုပါအဖွဲ့ကပြောကြားခဲ့ပြီး အကယ်၍ ထိုလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ပါက တာဝန်ရှိသူများအနေဖြင့် တာဝန်ဝတ္တရားအလွဲသုံးစားမှုဖြင့် တရားစွဲဆိုခံရနိုင်ကြောင်း သတိပေးထားသည်။
အခြားတစ်ဖက်တွင်မူ အကျဉ်းဦးစီးဌာနက ၎င်းတို့၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်အညီဖြစ်ကြောင်း ခုခံပြောဆိုထားသည်။ သက်ဆင် သည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ခံထားရပြီးဖြစ်ရာ ‘အလတ်စားအဆင့်အကျဉ်းသား’ တစ်ဦးအဖြစ် ခံဝန် ရပိုင်ခွင့်အပြည့်အဝရှိသည်ဟု အာဏာပိုင်များက အခိုင်အမာဆိုသည်။
ထိုအတောအတွင်း ဝန်ကြီးချုပ်ဟောင်း၏ သမီးဖြစ်သူ ပေထုန်တန် ရှင်နာဝပ်ထရာ အပါအဝင် မိသားစုဝင်များသည် သတ်မှတ်ထားသည့် ခံဝန်ဖြင့်လွတ်မြောက်မည့်နေ့ (မေလ ၁၁ ရက်) မတိုင်မီ သက်ဆင်အား အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့ကြပြီး ရှပ်နီ ထောက်ခံသူများကလည်း အားပေးဝန်းရံလျက်ရှိကြောင်း သိရှိရသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
