ဆော်ဒီ၏ ငြင်းပယ်မှုကြောင့် ထရမ့်၏ ‘Project Freedom’ စစ်ဆင်ရေး ရပ်တန့်သွားရခြင်းဖြစ်ကြောင်း NBC ဖော်ပြ

News Image

  • ဆော်ဒီ၏ ငြင်းပယ်မှုကြောင့် ထရမ့်၏ ‘Project Freedom’ စစ်ဆင်ရေး ရပ်တန့်သွားရခြင်းဖြစ်ကြောင်း NBC ဖော်ပြ

သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏ပိတ်ဆို့မှုကို တုံ့ပြန်ရန်အတွက်Project Freedom’ အမည်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစစ်ဆင်ရေးကို စတင်ခဲ့သော်လည်း ဆော်ဒီအာရေဗျ၏ ပူးပေါင်းဆောင်ရွက်မှု မရရှိခြင်းကြောင့် ကြေညာပြီးနှစ်ရက်အကြာတွင်ပင် စစ်ဆင်ရေးကို ရုတ်တရက် ရပ်ဆိုင်းလိုက်ရကြောင်း NBC သတင်းက ဖော်ပြခဲ့သည်။ 

ဆော်ဒီအစိုးရသည် ၎င်းတို့အား ကြိုတင်အသိပေးခြင်းမရှိဘဲ စစ်ဆင်ရေးကို ကြေညာခဲ့သည့်အပေါ် မကျေနပ်သဖြင့် အမေရိကန် စစ်လေယာဉ်များကို ဆော်ဒီလေပိုင်နက်နှင့် Prince Sultan လေတပ်စခန်း အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်နှင့် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။

ထိုသို့ စစ်ဆင်ရေးရပ်တန့်သွားခြင်းမှာ အမေရိကန်အစိုးရအဖွဲ့အတွင်း၌ပင် နားလည်မှုလွဲမှားမှုများ ရှိနေကြောင်း ထင်ရှားစေခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုနှင့် စစ်မက်ရေးရာဝန်ကြီး ပိဟက်ဆက်တို့ကProject Freedom’ သည် အောင်မြင်စွာ ရှေ့ဆက်နေကြောင်းနှင့်သင်္ဘောရာပေါင်းများစွာ အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုနေစဉ်မှာပင် သမ္မတထရမ့်က အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်နေသည်ဟုအကြောင်းပြကာ စစ်ဆင်ရေးကို ရုတ်တရက်ရပ်နားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအခြေအနေအပေါ် အီရန်၏ထိပ်တန်းညှိနှိုင်းရေးမှူး ဂါလီဘတ်ဖ်က စစ်ဆင်ရေးကျရှုံးသွားပြီဟု အွန်လိုင်းမှတစ်ဆင့် ထရမ့်ကိုလှောင်ပြောင် ပြောဆိုခဲ့ပြီး အမေရိကန်သည် လက်ရှိဆွေးနွေးပွဲများနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းအမှားများကိုသာ ထပ်မံဖြန့်ဝေနေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး