ဟော်မုရေလက်ကြားကို ထိန်းချုပ်ခြင်းက အက်တမ်ဗုံးကို ပိုင်ဆိုင်ခြင်းနှင့်တူဟု အီရန်ပြော
အမေရိကန်စစ်ဘက်က အိုမန်ပင်လယ်ကွေ့၌ အီရန်အလံတင် ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ပြီးနောက် ဟော်မုရေလက်ကြားကို ထိန်းချုပ်ခြင်းသည် အက်တမ်ဗုံးတစ်လုံးကို ပိုင်ဆိုင်ခြင်းနှင့်တူကြောင်း အီရန်ဦးသျှောင်၏ အကြံပေးက ပြောကြားခဲ့သည်။
အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ၎င်းတို့၏ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ကာ အီရန်ဆိပ်ကမ်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် M/T Sea Star III နှင့် M/T Sevda ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းလုပ်ဆောင်ချက်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန်၏ အကြမ်းဖက်မှုဖြစ်ကြောင်း အီရန်စစ်ဘက်က တုံ့ပြန်ပြောဆိုသည်။
ဟော်မုရေလက်ကြားသည် အီရန်နိုင်ငံအတွက် အက်တမ်ဗုံးတစ်လုံးကဲ့သို့ စွမ်းဆောင်ရည်ရှိကြောင်းနှင့် နိုင်ငံတကာဥပဒေအရဖြစ်စေ၊ တစ်နိုင်ငံတည်းသဘောဖြင့်ဖြစ်စေ ရေလက်ကြား၏ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အီရန်ဦးသျှောင်၏ အကြံပေး မိုဟာမတ်မော့ဘာက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်၏ အဓိကရေလမ်းကြောင်းဖြစ်သော ဟော်မုရေလက်ကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
Ref: RT
MWD
