နှလုံးရောဂါနှင့်ကျောက်ကပ်ရောဂါများ ရှိ၊ မရှိကို ရောဂါလက္ခဏာများမပေါ်မီ သွေးစစ်နည်းတစ်မျိုးဖြင့် ဖော်ထုတ်နိုင်ဖွယ်ရှိ
လန်ဒန် မေ ၁၄
တစ်စုံတစ်ဦး၌ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနေမှု ရှိ၊ မရှိကို ရောဂါ လက္ခဏာများမပေါ်မီ ရိုးစင်းသော သွေးစစ်နည်းတစ်မျိုးဖြင့် ဖော်ထုတ်နိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက မေ ၁၃ ရက် တွင် ပြောကြားသည်။
ဗြိတိန်နိုင်ငံ ဘရစ္စတိုး တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးကြောများအတွင်းပိုင်းရှိ ဆဲလ်ပျက်စီးမှုများကို ထောက်လှမ်းပေးနိုင်သည့် သွေးစစ်နည်းတစ်မျိုး ဖန်တီးထားသည်။
သွေးကြောအတွင်းပိုင်း ဆဲလ်များ ပျက်စီးမှုပြဿနာသည် နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများအပါအဝင် နာတာရှည်ရောဂါတချို့နှင့် ဆက်စပ်နေသည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
ဗြိတိန် သုတေသနပညာရှင်များ၏ အဆိုအရ သွေးနီဆဲလ်ပေါ်ရှိ ဓာတုအပြောင်းအလဲများကို ဖော်ထုတ်လေ့လာခြင်းဖြင့် ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါများ ရှိ၊ မရှိကို ရောဂါလက္ခဏာများမပေါ်မီ ကြိုတင်ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကိုယ်ခန္ဓာအတွင်းပိုင်း သွေးကြောငယ်များပျက်စီးမှုသည် နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားခါစအခြေအနေကို ပြသနိုင်ကြောင်း သိရသည်။
ရတနာပုံ
Photo: UKRI
